Eleven Media Group

■ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့်ပတ်သက်သည့် အီရန်၏အဆိုပြုချက်ကို ထရန့် ငြင်းဆို

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့်ပတ်သက်သည့် အီရန်၏အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၂၆ ရက်တွင် ငြင်းဆိုခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

မဟာဗျူဟာကျသည့် ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန်က အမေရိကန်ထံ အဆိုပြုစာတင်သွင်းထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ထရန့်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အဓိကကျသော ထိုရေလမ်းကြောင်းသည် အမေရိကန်နှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲ၏ဗဟိုချက်ဖြစ်ပြီး လက်ရှိတွင် အီရန်စစ်ပွဲသည် မတိုးသာ မဆုတ်သာအခြေအနေသို့ ရောက်ရှိနေသည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်အတွင်း နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးတွင် အီရန်စစ်ပွဲနှင့်ပတ်သက်ပြီး သဘောတူညီချက်ရရှိရေးအတွက် ကြားဝင်စေ့စပ်ပေးသည့် ကြိုးပမ်းမှုများကြောင့် တိုးတက်မှုရရှိရန် မျှော်လင့်ချက်အချို့ကို ဖြစ်ပေါ်စေခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီသည် ထရန့်၏ အထူးသံတမန် စတီးဗ် ဝစ်ကော့ဖ်နှင့် စက်တင်ဘာ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ပွဲကို အဆုံးသတ်ရန်နှင့် အရေးပါသော ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အခြေအနေသတ်မှတ်ချက်များကို ယခင်ကတည်းက ချမှတ်ထားခဲ့သည်။

"အီရန်နိုင်ငံဟာ ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်ထံ ခိုင်မာတဲ့ ခုနစ်ရက်ကြာ အစီအစဉ်တစ်ခုကို ပေးပို့ခဲ့ပါတယ်။ လိုအပ်တဲ့ အခြေအနေတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ခုနစ်ရက်အတွင်း သာမန် ပုံမှန်ရေကြောင်းသွားလာမှုကို ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်" ဟု အာရက်ချီက ကုလသမဂ္ဂတွင် ပြောကြားခဲ့သည်။

"အခုချိန်မှာ ရွေးချယ်မှုဟာ အမေရိကန် အပေါ်မှာပဲ မူတည်ပါတော့တယ်။ အီရန်ဟာ အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှု ဒါမှမဟုတ် ခြောက်လှန့်မှုတွေကို လက်ခံမှာ မဟုတ်သလို ဖိအားတွေအောက်မှာလည်း မိမိရဲ့ အချုပ်အခြာအာဏာပိုင် အခွင့်အရေးတွေကို စွန့်လွှတ်မှာ မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။

သို့သော် အာရက်ချီ၏ ပြောကြားချက်များ ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်၏ အဆိုပြုချက်ကို ငြင်းပယ်လိုက်ကြောင်း ထိုအကြောင်းအရာကို သိရှိနားလည်သည့် အမေရိကန်အရာရှိများကို ကိုးကား၍ Wall Street Journal က ဖော်ပြခဲ့သည်။

အီရန်အနေဖြင့် ၎င်း၏ တောင်းဆိုချက်များကို လိုက်နာဆောင်ရွက်မည်ဆိုသည့်အပေါ် သံသယရှိရကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေးများကို ပြန်လည်စတင်ရန် ပိုမို ဖြစ်နိုင်ခြေရှိသည်ဟု ထရန့်က ရှုမြင်ထားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ထရန့်သည် ဟော်မုဇ်ရေလက်ကြားကို စက်ဝိုင်းပုံဖြင့် ဝိုင်းပြထားပြီး ထရန့် ရေလက်ကြားဟု စာတန်းထိုးထားသည့် မြေပုံတစ်ပုံကို ၎င်း၏ Truth Social လူမှုမီဒီယာပေါ်သို့ တင်ခဲ့သည်။

အီရန်၏ အဆိုပြုချက်အသစ်တွင် လက်ဘနွန်နိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး၌ ဖြစ်ပွားနေသော တိုက်ခိုက်မှုများအားလုံးကို ခုနစ်ရက်ကြာ ရပ်ဆိုင်းရန် တောင်းဆိုထားကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထိုပြင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းရသည့် ထိန်းချုပ်ခံထားရသော အီရန်၏ ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန်၊ အီရန် ရေနံအပေါ် စီးပွားရေးပိတ်ဆိုမှုများကို ရုပ်သိမ်းပေးရန်နှင့် အီရန်နိုင်ငံအပေါ် အမေရိကန် ရေတပ်၏ ပိတ်ဆိုမှုများကို အဆုံးသတ်ပေးရန်လည်း တောင်းဆိုထားသည်။

အပြန်အလှန်အားဖြင့် အပစ်အခတ်ရပ်စဲရေး၏ ခုနစ်ရက်မြောက်နေ့တွင် အီရန်နိုင်ငံက ဟောမုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

အီရန်သမ္မတ မာဆွတ် ပေးဇက်ရှ်ကီယန်ကလည်း CBS သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်သည် အမေရိကန်ဘက်က လက်ခံလိုက်သည့်နေ့မှစပြီး စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group