
အမေရိကန်က အချို့သောသတ်မှတ်ချက်များကို ပြည့်မီအောင်လုပ်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို တစ်ပတ်အတွင်းပြန်ဖွင့်ရန် သဘောတူညီချက်ကို အီရန်က အဆိုပြုလိုက်ပြီး မကြာမီမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က'ထရန့် ရေလက်ကြား'ဟု အမည်တပ်ထားသောဟော်မုဇ်ရေလက်ကြား၏ပုံကို Truth Social တွင် ပို့စ်တင်ခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ခဲ့သော အီရန်သမ္မတမာဆွတ်ပီဇက်ခီယန်သည် နယူးယောက်မှ ထွက်ခွာလာပြီဟု အီရန်သတင်းဌာနများက ဖော်ပြခဲ့သည်။
အီရန်ကိုယ်စားလှယ်များသည် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဘေးဆွယ်အစည်း အဝေးတွင် အမေရိကန်နှင့် သွယ်ဝိုက်ဆွေးနွေးခဲ့သည်ဟု သိရသည်။
အီရန်ကသဘောတူညီချက်အသစ်ကို အဆိုပြုခဲ့ပြီး ယင်းသဘောတူညီချက်က သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်မီ ထရန့်ကို အကူအညီပေးနိုင်သည်ဟု တီဟီရန်ကဆိုခဲ့ပြီးနောက် ထရန့်က စက်တင်ဘာ ၂၆ ရက် စောစောပိုင်းတွင် Truth Social ၌တင်ခဲ့သောပို့စ်တွင် ဟော်မုဇ်ရေလက် ကြားကို ထရန့်ရေလက်ကြားဟုအမည် တပ်ထားသောပုံကို တင်ခဲ့သည်။
အမေရိကန်တာဝန်ရှိသူများသည် အီရန်စစ်ပွဲနှင့်ပတ်သက်၍ ကြားဝင်စေ့စပ်ပေးသူများနှင့် ဆွေးနွေးရာတွင် တိုးတက်မှုရှိပြီးအပြုသဘောဆောင်သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့ပြီး အီရန်သည် အမေရိကန်နှင့် သွယ်ဝိုက် ဆွေးနွေးမှုများကို နာရီပေါင်းများစွာ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့်ပတ်သက်သည့် အီရန်၏ အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၂၆ ရက်တွင် ငြင်းဆန်ခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန်က အမေရိကန်ထံ အဆိုပြုခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီက ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် ထရန့်က အဆိုပြုချက်ကို ငြင်းခဲ့ခြင်းဖြစ်သည်။