Eleven Media Group

■ တရုတ်သမ္မတကတော် ဖုန်လိယွမ် ဝါရှင်တန်ခရီးစဉ်အတွင်း နိုင်ငံ၏ Soft Power ကို ပြသ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ်အတွင်း ဇနီးဖြစ်သူ ဖုန်လိယွမ်သည် တရုတ်နိုင်ငံ၏ Soft Power ကို ပြသခဲ့မှုဖြင့် နိုင်ငံတကာသတင်းများတွင် ဖော်ပြခံနေရသည်။

ဖုန်လိယွမ်သည် အမေရိကန်သမ္မတကတော် မလာနီယာ ထရန့်နှင့် စကားပြောဆိုရာတွင် စကားပြန်မပါဘဲ အင်္ဂလိပ်စကားဖြင့် တိုက်ရိုက်ပြောဆိုခဲ့သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးနှင့် တရုတ် (တိုင်ပေ) အရေး အပါအဝင် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ဖုန်လိယွမ်က တရုတ်နိုင်ငံ၏ နူးညံ့သည့်ပုံရိပ်ကို ဖော်ဆောင်ပေးနေသူအဖြစ် ရှုမြင်ခံနေရသည်။

ခရီးစဉ်အတွင်း ဖုန်သည် တရုတ်ရိုးရာဝတ်စုံကို ခေတ်မီအောင် ပြန်လည်ဖန်တီးထားသည့် ဝတ်စုံများကို ဆင်ယင်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်က ဝါရှင်တန်ရှိ Smithsonian အာရှအနုပညာပြတိုက်တွင် ကလေးငယ်များက တရုတ်ရိုးရာသီချင်း Jasmine Flower ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် ဖုန်လိယွမ်အား “ကျေးဇူးတင်ပါတယ် အမေဖုန်” ဟု တုံ့ပြန်ခဲ့ကြသည်။

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် ရှဲ့ဖုန်းက X လူမှုကွန်ရက်တွင် သမ္မတကတော် ဖုန်လိယွမ်၏ သံတမန်ရေးရာအခန်းကဏ္ဍကို အလေးပေးဖော်ပြထားပြီး ဖုန်က အမေရိကန်ဆယ်ကျော်သက်များအား တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုကို ဆက်လက်လေ့လာရန် တိုက်တွန်းကာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးသံတမန်များဖြစ်လာကြရန် အားပေးခဲ့သည်ဟု ဆိုသည်။

သို့သော် ခရီးစဉ်အတွင်း ဖုန်လိယွမ်၏ လှုပ်ရှားမှု၊ ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ တရုတ်လူမှုကွန်ရက်များ၌မူ ဖော်ပြမှုနည်းပါးသည်။ တရုတ်တွင် လူသုံးများသည့် Red Note လူမှုကွန်ရက်ပေါ်၌ ဖုန်လိယွမ်၏ ဝတ်စားမှုပုံစံနှင့် အင်္ဂလိပ်စကားပြောနိုင်စွမ်းတို့ကို ရှာဖွေရာတွင် အချက်အလက်များ ထွက်မလာပေ။

ဖုန်လိယွမ်သည် ယခင်က တရုတ်စစ်တပ်တွင် အသံအမြင့်ဆုံးကို သီဆိုနိုင်သည့် အဆိုတော်အဖြစ် ထင်ရှားခဲ့ကာ ရှီကျင့်ဖျင် အာဏာရလာသည့် ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် တရုတ်မီဒီယာများက ၎င်း၏ လှုပ်ရှားမှုများကို ပိုမိုဖော်ပြခွင့်ရလာသည်။

ရိုးရှင်းသည့် နောက်ခံဘဝမှ ကြီးပြင်းလာသူ ဖုန်လိယွမ်သည် HIV/AIDS ဖြစ်နေသူများ အပါအဝင် လူမှုရေးအရ ခက်ခဲနေသူများနှင့်ပတ်သက်သည့် လူမှုရေးကိစ္စများကိုလည်း အာရုံစိုက်ဆောင်ရွက်ခဲ့သည်။ ၎င်းက ရှီကျင့်ဖျင်၏ ဒုတိယဇနီးဖြစ်ပြီး ၎င်းတို့၏သမီးက ဟားဗတ်ကျောင်းဆင်းဖြစ်သည်။ ပထမဇနီးက သံတမန်တစ်ဦး၏ သမီးဖြစ်သည်။

Source: Reuters
Photo: SCMP / Reuters

မူရင်းသတင်း — Eleven Media Group