
ကမ္ဘာတစ်ဝန်း အကျပ်အတည်းများ တစ်ပြိုင်တည်း ရင်ဆိုင်နေရချိန်၊ ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင်၏ ရပ်တည်နိုင်မှုအပေါ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်နေချိန် ကုလသမဂ္ဂအဖွဲ့အစည်းကို ဦးဆောင်မည့် ခေါင်းဆောင်သစ်ကို ရှာဖွေနေကြသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ဒုတိယအကြိမ် ငါးနှစ်သက်တမ်းသည် ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိတွင် အတွင်းရေးမှူးချုပ် ရာထူးအတွက် ကိုယ်စားလှယ်ခုနစ်ဦး ယှဉ်ပြိုင်နေပြီး ၎င်းတို့တစ်ဦးချင်းစီက နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် မည်သည့်ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်သင့်သည်ဆိုသည့် အမြင်များအပြင် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရန်နှင့် ကမ္ဘာ့အကျပ်အတည်းများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်စွမ်း မြှင့်တင်ရန် အဆိုပြုချက်များကို တင်ပြထားကြသည်။
အတွင်းရေးမှူးချုပ် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် တရားဝင်စတင်ခဲ့ပြီး အဓိကအဆုံးအဖြတ်က လုံခြုံရေးကောင်စီ၏ လက်ထဲတွင် ရှိနေသည်။ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အထွေထွေညီလာခံသည် အတွင်းရေးမှူးချုပ်ကို ရွေးချယ်ခန့်အပ်နိုင်ခြင်းမရှိဘဲ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီ၏ အကြံပြုချက်ကို စောင့်ဆိုင်းရသည်။
၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ယနေ့အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ အမျိုးသမီး မရှိသေးပေ။ လက်ရှိ ကိုယ်စားလှယ်ခုနစ်ဦးတွင် အမျိုးသမီးလေးဦး ပါဝင်နေသည်။
လုံခြုံရေးကောင်စီတွင် အလွတ်သဘောမဲပေးမှု သုံးကြိမ် ပြုလုပ်ခဲ့သော်လည်း ထောက်ခံမှုအများဆုံးရရှိသူ တစ်ဦးမှ ပေါ်ထွက်မလာသဖြင့် ကုလသမဂ္ဂကို ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးက ဦးဆောင်လာနိုင်ရေးအတွက် လက်တင်အမေရိကဒေသမှ အမျိုးသမီးနှစ်ဦးအနက် မည်သူ့ကို ထောက်ခံမည်ဆိုရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က အရေးပါနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း South China Morning Post နှင့် ဆက်သွယ်ပြောဆိုခဲ့သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်အများအပြား၏ ပြောကြားချက်အရ တရုတ်နိုင်ငံသည် ကော်စတာရီကာနိုင်ငံသူ စီးပွားရေးပညာရှင် ရေဘက်ကာ ဂရင်စပန်နှင့် ကုလသမဂ္ဂဆိုင်ရာ ဂိုင်ယာနာနိုင်ငံသံအမတ် ကာရိုလင် ရိုဒရီဂက်စ်-ဘာကက်တို့အနက် မည်သူ့ကို ထောက်ခံမည်ဆိုသည့်အပေါ် ချိန်ဆနေသည်ဟု သိရသည်။ ရေဘက်ကာ ဂရင်စပန်က ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UN Trade and Development) ကို ဦးဆောင်နေသူဖြစ်သည်။
သို့သော် တရုတ်နိုင်ငံက အာဂျင်တီးနားနိုင်ငံသား ရာဖေး ဂရော့စီကို ထောက်ခံမည့်စာရင်းမှ ဖယ်ထားပြီးသားဟု သိရသည်။ ဂရော့စီသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး အမေရိကန်အစိုးရက လိုလားနေသည့် ကိုယ်စားလှယ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရသူဖြစ်သည်။
Ref: [South China Morning Post](https://www.scmp.com/)