
အမေရိကန်နှင့် ဆွေးနွေးမှုများကိုယုံကြည်မှု မရှိတော့ဟု အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က Al Jazeera သတင်းဌာနကို ပြောကြားခဲ့သည်။
ယခင်ဆွေးနွေးပွဲများအပြီးတွင် တိုက်ခိုက်မှုများနှင့် ပိတ်ဆို့မှုများ ပေါ်ပေါက်လာခဲ့ခြင်းကြောင့် အမေရိကန်နှင့် ဆွေးနွေးမှုများကိုယုံကြည်မှုမရှိတော့ကြောင်း၊ စစ်ပွဲပြီးဆုံးရေးအတွက်အီရန်၏နောက်ဆုံးအဆိုပြုချက်ကို အမေရိကန်၏တုံ့ပြန်မှုကိုစောင့် ဆိုင်းနေကြောင်း အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က Al Jazeera သတင်းဌာနကို ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ အမေရိကန်ကို ယုံကြည်မှုမရှိပါဘူး။ ဘာကို အခြေခံပြီး နားလည်မှုယူရမလဲဆိုတာလည်း မသိပါဘူး" ဟု သမ္မတ ပီဇက်ခီယန်က စက်တင် ဘာ ၂၆ ရက်နေ့တွင်ထုတ်လွှင့်ခဲ့သည့် Al Jazeera နှင့် အင်တာဗျူးတွင်ပြောကြားခဲ့သည်။
သမ္မတပီဇက်ခီယန်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးအဘက်စ်အာရက်ချီတို့သည် ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ရန် ယခုသီတင်းပတ်အတွင်းအမေရိကန်သို့သွားခဲ့ကြပြီး အမေရိကန်- အစ္စရေးတို့ အီရန်ကိုဆင်နွှဲသောစစ်ပွဲကို အဆုံးသတ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမည့် သဘောတူညီချက်ကို အဆိုပြုခဲ့ကြသည်။
ကနဦးလုပ်ဆောင်ချက်များသည်လေးရက်မှ ငါးရက်အထိ ကြာမည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ခုနစ်ရက်မြောက်နေ့တွင်
နှစ်ဖက်သဘောတူညီထားသော နျူကလီး ယားအစီအစဉ်အပါအဝင်အကြောင်းအရာ များနှင့်ပတ်သက်၍ အပြီးသတ်သဘောတူညီချက်ရရှိရန်အမေရိကန်နှင့်ဆွေးနွေးမှုများစတင်မည်ဟု ဝန်ကြီးအာရက်ချီက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အစီအစဉ်အရ အမေရိကန်က အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့မှုရုပ်သိမ်းပေးရမည်ဖြစ်ပြီး အီရန်ရေနံရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ပေးရမည်ဖြစ်သည်။
ထို့အပြင် ထိန်းချုပ်ထားသည့် အီရန်၏ ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်ကို ပြန်လည်ထုတ်ပေးရမည်ဖြစ်ပြီး လက်ဘနွန်နှင့်ယီမင်တို့ အပါအဝင်ဒေသတွင်း အပစ်အခတ်ရပ်စဲရေးကို လိုက်နာမည်ဖြစ်သည်။
အပြန်အလှန်အားဖြင့် စစ်ပွဲမတိုင်မီကကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ကုန်သွယ်မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာခဲ့ပြီး အီရန်တို့အဓိကအသာစီးရထားသည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပြန်ဖွင့်ပေးမည်ဖြစ်သည်။
ကြားဝင်စေ့စပ်ပေးနေသည့် ကာတာနှင့်ပါကစ္စတန်တို့က အီရန်၏သတင်းစကားများကိုဝါရှင်တန်သို့ လက်ဆင့်ကမ်းနေကြောင်း သမ္မတ ပီဇက်ခီယန်ကပြောကြားခဲ့သည်။
ယခုဆွေးနွေးပွဲများသည် လွန်ခဲ့သည့် ဇွန်လတုန်းကနားလည်မှုစာချွန်လွှာ (MoU) ကိုအခြေခံထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက သက်တမ်းကုန်ဆုံးသွားခဲ့သည့် အဆိုပါ သဘောတူညီချက်နှင့်ပတ်သက်၍အမေရိကန်က၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြားရန်လိုအပ်သည်ဟုပြောကြားခဲ့သည်။
Ref:Al Jazeera