Eleven Media Group

ထရန့်၏ တင်နက်ဆီပြည်နယ်ခရီးစဉ်တွင် Air Force One လေယာဉ်နှင့်အတူ CNN လိုက်ပါခွင့်မရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စက်တင်ဘာ ၂၆ ရက်ခရီးစဉ်တွင် CNN သတင်းဌာနကို သမ္မတစီးနင်းသည့် Air Force One လေယာဉ်နှင့်အတူလိုက်ပါခွင့် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

CNN ၊ POLITICO နှင့် MS NOW သတင်းဌာနတို့ အိမ်ဖြူတော်သတင်းရယူခွင့် ပြန်လည်ရရှိကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့ပြီးနောက် CNN နှင့် ယခုတင်းမာမှု ထပ်ဖြစ်လာခြင်း ဖြစ်သည်။ ထရန့်က ကောလိပ်ဘောလုံးပွဲတက်ရောက်ရန် တင်နက်ဆီပြည်နယ်သို့ သွားရောက်ခြင်းဖြစ်ပြီး CNN သတင်းအဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင် ထရန့်နှင့်အတူ လိုက်ပါသတင်းယူရန် စီစဉ်ထားခဲ့သည်။

CNN ၊ ABC ၊ CBS ၊ FOX News နှင့် NBC တို့သည် အိမ်ဖြူတော်၏ အဓိက ရုပ်သံသတင်းဌာနအဖွဲ့ ဖြစ်ပြီး သမ္မတ၏ လှုပ်ရှားမှုများကို သတင်းယူရာတွင် ကုန်ကျစရိတ်ကို အတူတကွ မျှဝေကြပြီး သတင်းရယူမှုများကို အလှည့်ကျ စီစဉ်ကာ ရရှိလာသည့် ဗီဒီယိုဖိုင်များကို အခြားသတင်းဌာနများထံ​ ပြန်လည်မျှဝေကြသည်။

သို့သော် တင်နက်ဆီခရီးစဉ်အတွက် အိမ်ဖြူတော်က CNN ကို ထည့်သွင်းထားခြင်းမရှိပေ။ ရုပ်သံသတင်းဌာနများ၏ အလှည့်ကျတာဝန်ယူမှုတွင် ယခုကဲ့သို့ တားမြစ်ခံရခြင်းမှာ အဖြစ်နည်းသည်။

မကြာသေးမီက နယူးယောက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် ထရန့်သွားခဲ့စဉ်ကလည်း CNN ကို Air Force One လေယာဉ်ပေါ် လိုက်ပါခွင့် ပိတ်ပင်ခဲ့သည်။ CNN ကိုထောက်ခံသည့်အနေဖြင့် အလှည့်ကျသတင်းရယူရေးအဖွဲ့မှ ABC၊ CBS၊ NBC နှင့် Fox News တို့က CNN ၏နေရာတွင် အစားထိုး၍ လိုက်ပါသတင်းယူရန် ငြင်းဆိုခဲ့ကြသည်။

Ref: Politico , Photo: AP/ Getty Images

မူရင်းသတင်း — Eleven Media Group