
ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘူနီယာမြို့တွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတစ်ခုကို ဓာတ်ခွဲခန်းစစ်ဆေး မှုဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားသည်။ ယင်းဖြစ်ရပ်ကြောင့် ကွန်ဂိုနိုင်ငံအတွင်း စံချိန်တင် အဆိုးရွားဆုံး အီဘိုလာရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရချိန် မျောက်ကျောက် ရောဂါ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။
မျောက်ကျောက်ရောဂါသည် ဖျားနာခြင်းနှင့် အရေပြားပေါ်တွင် အနာဖုများ ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး အနီးကပ် ကိုယ်ထိလက်ရောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။
ကွန်ဂိုတွင် မျောက်ကျောက်ရောဂါကူးစက်မှု သုံးနှစ်ကြာဖြစ်ပွားခဲ့စဉ် အတောအတွင်း နိုင်ငံတစ်ဝန်း၌ အတည်ပြုလူနာ ၃၄,၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ် ၊ ဧပြီတွင် မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားခြင်းကို ရုပ်သိမ်းခဲ့သည်။ သို့သော် ဗိုင်းရပ်စ်ကို အမြစ်ဖြတ်နိုင်ခြင်း မရှိသေးသဖြင့် ပြန်လည်ဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူများက ထိုစဉ်ကတည်းက သတိပေးခဲ့သည်။
ယခုအတည်ပြုလူနာက အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင် ခန္ဓာကိုယ်အနှံ့ အနာဖုများ ထွက်လာသဖြင့် ဆေးရုံတက်ခဲ့ရာမှ မျောက်ကျောက်ရောဂါနှင့် ကိုက်ညီသည့် လက္ခဏာများပြသည့်အတွက် ဓာတ်ခွဲစစ်ဆေးကြည့်ရာ ရောဂါပိုးရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့ပြင် နောက်တစ်ဦးကိုလည်း မျောက်ကျောက်ရောဂါ သံသယလူနာအဖြစ် သတ်မှတ်ကာ ဓာတ်ခွဲခန်း အဖြေကို စောင့်ဆိုင်းနေသည်။ ဘူနီယာမြို့၌ပင် မျောက်ကျောက်သံသယလူနာ ငါးဦးကို လက်ရှိ စစ်ဆေးနေသည်။
Ref: Reuters,Photo: AP See less