
တရုတ်နိုင်ငံ ချုံချင်းမြို့အား နိုင်ငံတကာစားသုံးမှု ဗဟိုဌာနအဖြစ် တည်ဆောက်ခဲ့သည့် ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “Discover China: Encountering New Chongqing Through International Consumption” အမည်ရှိ မီဒီယာစုံ မြှင့်တင်ရေး ကမ်ပိန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂ဝ ရက်က ချုံချင်းမြို့ရှိ Jiefangbei Guotai ရင်ပြင်၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်တွင်းပြည်ပမှ သတင်းမီဒီယာပေါင်းစုံမှ သတင်းထောက် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် နိုင်ငံ ၃၀ မှ သတင်းထောက် ၃၃ ဦး ပါဝင်သည့် သုံးရက်ကြာ သတင်းစာရှင်းလင်းပွဲ ခရီးစဉ်လည်း ပါဝင်ခဲ့သည်။
အခမ်းအနားတွင် ချုံချင်းမြို့၏ ဒုတိယအကြိမ်မြောက် အစားအသောက်ပြမြေပုံ (Chongqing Culinary Map 2.0)၊ ခရီးသွားအစီအစဉ်သစ်များနှင့် "5+3+N" မဟာဗျူဟာမြောက် မြှင့်တင်ရေး အစီအစဉ်များကို မိတ်ဆက်ပြသခဲ့သည်။
“5+3+N" ကမ်ပိန်း အစီအစဉ်တွင် ပင်မအစီအစဉ် ငါးခု၊ အထောက်အကူပြု လှုပ်ရှားမှု သုံးခုနှင့် မြို့နယ်/ခရိုင်အဆင့် ဆက်သွယ်ရေး အစီအစဉ်များ ပါဝင်သည်။
ပင်မအစီအစဉ်ငါးခုအနက် ပြည်ပသတင်းထောက်များ၏ ချုံချင်းမြို့ ခရီးစဉ်၊ ပြည်တွင်းပြည်ပ ဆိုရှယ်မီဒီယာ ဖန်တီးရှင်များ လာရောက်လည်ပတ်မှု၊ နက်ရှိုင်းသော သုတေသန ခရီးစဉ်များ၊ ပြင်သစ်နိုင်ငံ၌ ပြုလုပ်မည့် ပြည်ပမြှင့်တင်ရေးပွဲနှင့် နိုင်ငံတကာ ဆက်သွယ်ရေး လှုပ်ရှားမှုများ ပါဝင်ကြောင်း သိရသည်။
ချုံချင်းမြို့ စီးပွားရေး ကော်မရှင် ညွှန်ကြားရေးမှူး Zhang Yongwu က ချုံချင်းမြို့သည် သမိုင်းဝင် Dazu ကျောက်ဆစ် လက်ရာများမှသည် ခေတ်မီ စီးပွားရေးဇုန်များနှင့် ညစျေးတန်းများအထိ ထူးခြားသည့် စားသုံးမှု ပတ်ဝန်းကျင်ကို ဖန်တီးထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ချုံချင်းမြို့သည် ညဘက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Night-time Economy) တွင် တရုတ်နိုင်ငံ၌ လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နေပြီး Fortune Global 500 ကုမ္ပဏီပေါင်း ၃၂၅ ခုကို ဆွဲဆောင်နိုင်ခဲ့ကြောင်းနှင့် မြစ်ကမ်းပါးများ၊ တောင်စောင်းများ၊ လေကြောင်းရန် ကာကွယ်ရေး ဂူဟောင်းများနှင့် အမိုးဖွင့် လသာဆောင်များတွင် ထူးခြားသော စီးပွားရေးဆိုင်ရာ နေရာပေါင်း ၁၀၀ ကျော်ကို ဖန်တီးထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် Yuzhong ခရိုင် အကြီးအကဲ He Du က အဆိုပါ ခရိုင်အတွင်း၌ စီးပွားရေးဇုန် ၃ ခု၊ shopping mall ၂၀ နှင့် ရိုးရာပုံစံလမ်းမကြီး ၁၀ ခု ပါဝင်ကာ စတုရန်းမီတာ ၂ ဒသမ ၃ သန်းကျော်ရှိသော စားသုံးသူဆိုင်ရာ စီးပွါးရေးနယ်ပယ်ကို ဖန်တီးထားကြောင်း ပြောကြားခဲ့သည်။
အဆိုပါဖွံ့ဖြိုးတိုးတက်မှုများတွင် MixC Xinhua Complex အပါအဝင် စီးပွားရေးစီမံကိန်းများ၊ တရုတ်နိုင်ငံအနောက်ပိုင်းတွင် ပထမဆုံးအဖြစ် အခွန်ပြန်အမ်းငွေ ရရှိနိုင်သည့် စျေးဝယ်ဧရိယာနှင့် နိုင်ငံခြားသားများအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေရန် ဖန်တီးထားသည့် ဇုန်တို့လည်း ပါဝင်သည်။
အဆိုပါ Jiefangbei ဧရိယာသည် တရုတ်နိုင်ငံ၏ ခရီးသွားအဆင်ပြေဆုံး စီးပွားရေးဇုန် ၁၀ ခုအနက် ထိပ်ဆုံးတွင် ပါဝင်ပြီး စားသုံးမှု ယှဉ်ပြိုင်နိုင်စွမ်းတွင် နိုင်ငံတစ်ဝန်း အဆင့် ၄ နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။