
လာမည့် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် စတုတ္ထအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဘရာဇီးသမ္မတ လူလာ ဒါဆီဗာက ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာ လိုတော့ချိန် အွန်လိုင်း လောင်းကစားလုပ်ငန်းများကို ပိတ်ပင်သည့် အမိန့်တစ်ရပ် ထုတ်ပြန်လိုက်သည်။
လက်ဝဲယိမ်း နိုင်ငံရေးခေါင်းဆောင် လူလာသည် အကျဉ်းကျနေသည့် ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရို၏ သားဖြစ်သူ ဖလာဗီယို ဘော်ဆိုနာရိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အားကစားအလောင်းအစားများနှင့် အွန်လိုင်း ကာစီနို လုပ်ငန်းအားလုံးကို တားမြစ်သည့် အမိန့်တစ်ရပ်ကို စက်တင်ဘာ ၂၅ ရက်တွင် လက်မှတ်ရေး ထိုးလိုက်သည်။
ဘရာဇီးတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းကို ၂၀၁၈ ခုနှစ်ကတည်းက တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် လောင်းကစားစွဲလမ်းမှုကြောင့် မိသားစုဝင်ငွေများ အများအပြားဆုံးရှုံးလာရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
လူလာ၏ပြိုင်ဘက် ဖလာဗီယို ဘော်ဆိုနာရိုကမူ ယခုတားမြစ်ချက်ကို နိုင်ငံရေးအတွက် အသုံးချခြင်းဟု စွပ်စွဲနေသည်။ ဘရာဇီးဘောလုံးအသင်းများကလည်း အွန်လိုင်းလောင်းကစား ကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုများ ရပ်ဆိုင်းသွားပါက အသင်းများ၏ဝင်ငွေများ ထိခိုက်နိုင်ကြောင်း ထောက်ပြနေကြသည်။
သမ္မတလူလာက အွန်လိုင်းလောင်းကစားလုပ်ငန်းကို ကင်ဆာအဖြစ် ခိုင်းနှိုင်းကာ “အကျိတ်ကို ဖယ်ရင်ဖယ် ၊မဟုတ်ရင် အဲဒီအကျိတ်က လူကို သေစေလိမ့်မယ်” ဟုသတိပေးနေသည်။
ထို့ပြင်လူလာက အွန်လိုင်းအားကစားလောင်းကစားများတွင် အများဆုံးအသုံးပြုသည့် လောင်းကစားပုံစံ ဖြစ်သော ပုံသေအလောင်းအစားနှုန်းထားနှင့် သက်ဆိုင်သည့် ရာဇဝတ်မှုများကို သတ်မှတ်ပေးမည့် ဥပဒေကြမ်းတစ်ရပ်ကိုလည်း သီးခြားလက်မှတ်ရေးထိုးခဲ့သည်။
လောင်းကစားလုပ်သူများနှင့် လောင်းကြေးလက်ခံပေးသည့် လုပ်ငန်းရှင်များသည် အွန်လိုင်းလောင်းကစား အကောင့်များရှိ ရှိပြီးသားငွေများကို အောက်တိုဘာ ၅ ရက်အထိ ထုတ်ယူခွင့်ပြုထားပြီး အကောင့်များထဲသို့ ငွေသစ်ထည့်သွင်းခြင်းကို ပိတ်ပင်လိုက်ပြီဖြစ်သည်။ ယခုအစီအမံများ ဆက်လက်အာဏာသက်ရောက်နိုင်ရန် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက်ကို ရက်ပေါင်း ၁၂၀ အတွင်း ရယူရမည်ဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် ကာစီနိုများနှင့် စလော့စက်များအပါအဝင် လောင်းကစားလုပ်ငန်းအများစုကို တရားမဝင်အဖြစ် သတ်မှတ်ထားသည်။ သို့သော် ၂၀၁၈ ခုနှစ်တွင် အွန်လိုင်းလောင်းကစားကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် ယင်းလုပ်ငန်းများ နိုင်ငံအတွင်း လျင်မြန်စွာ ရေပန်းစားလာခဲ့သည်။
Ref: BBC, Photo: AFP