Eleven Media Group

အမေရိကန် အရှေ့မြောက်ပိုင်းတွင် အင်အားပြင်းမုန်တိုင်း တိုက်ခတ်

အမေရိကန် အရှေ့မြောက်ပိုင်းတွင် စက်တင်ဘာ ၂၆ ရက်က အင်အားပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ မုန်တိုင်းသည် နယူးယောက်၊ ဘော်စတွန်နှင့် ဖီလာဒဲလ်ဖီးယား မြို့များကို တိုက်ရိုက် ဦးတည်နေပြီး အာဏာပိုင်များက ကြီးမားသော ရေကြီးရေလျှံမှုများနှင့် လမ်းများ ပိတ်ဆို့နိုင်ခြေ ရှိကြောင်း သတိပေးထား သည်။

အဆိုပါ မုန်တိုင်းကြောင့် စက်တင်ဘာ ၂၆ ရက်အစောပိုင်းတွင် ရာနှင့်ချီသည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။

လေပြင်းများတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဘော်စတွန်အပါအဝင် မက်ဆာချူးဆက်ပြည်နယ်၏ နေရာဒေသအချို့တွင် မိုးရေချိန် ငါးလက်မအထိ ရွာသွန်းနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပြီး ယင်းသည် မက်ဆာချူးဆက်ပြည်နယ်တွင် တစ်လတာ ကာလအတွင်းရွာသွန်းသည့် မိုးရေချိန်ပမာဏထက် ပိုမိုများပြားမည်ဖြစ်သည်။

အဆိုပါမုန်တိုင်းကြောင့် မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလန်း၊ ဒယ်လာဝဲနှင့် နယူးဂျာစီ ပြည်နယ်များ ၏ ကမ်းရိုးတန်းဒေသအချို့တွင် ယခုသီတင်းပတ်ကတည်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group