Eleven Media Group

ဆော်ဒီအာရေးဗျသို့ပေးသည့် ပြင်သစ်၏စစ်ရေးအကူအညီသည် ကာကွယ်ရေးအတွက်သာဖြစ်သည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

​အီရန်ကျောထောက်နောက်ခံပြု ယီမင်ဟူရ်သီသူပုန်များ၏တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ကူညီရန် ဆော်ဒီအာရေးဗျသို့ ပေးအပ်သည့် ပြင်သစ်၏စစ်ရေးထောက်ပံ့မှုမှာ ကာကွယ်ရေးအတွက်သာဖြစ်သည်ဟု ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီးဂျင်းနိုရယ်ဘဲရော့က စက်တင်ဘာ ၂၇ ရက်တွင် ပြောကြား သည်။

​၎င်း၏ပြောကြားချက်ကို France 2 နိုင်ငံပိုင် ရုပ်မြင်သံတွင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီးစက်တင်ဘာ ၂၄ ရက်က သမ္မတအမ်မန်နျူရယ်မက်ခရွန်က ဆော်ဒီအာရေးဗျသို့ ပြင်သစ်တပ်ဖွဲ့ဝင်များ၊ ရေဒါတပ်ဖွဲ့များနှင့်လေ ကြောင်းရန် ကာကွယ်ရေးစနစ်များ ပို့မည်ဟုကြေညာခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး၏ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

​နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးနောက် ဇူလိုင်လတွင် ယီမင်စစ်ပွဲ ပြန်လည်စတင်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် နောက်ထပ် စစ်မျက်နှာတစ်ခု တိုးလာခဲ့ပြီး ဆော်ဒီအာရေးဗျသည် ဟူရ်သီအဖွဲ့၏ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခြင်းကို ခံနေရသည်။

​အဆိုပါ တိုက်ခိုက်မှုများသည် ဆော်ဒီ၏ ရေနံချက်စက်ရုံများနှင့် ပင်လယ်နီကမ်းခြေရှိ အဓိက ရေနံတင်ပို့ရာ ရန်ဘူးဆိပ်ကမ်းတို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရေးဗျသည် ဟူရ်သီသူပုန်များကို တိုက်ခိုက်နေသည့် ယီမင်အစိုးရတပ်ဖွဲ့များကို စစ်ရေးအကူအညီပေးလျက်ရှိသည်။

​အီရန်၏ တိုက်ခိုက်မှုများကြောင့် ဟော်မုဇ် ရေလက်ကြားဖြတ်သန်းသွားလာမှုများ ပိတ်ဆို့သွားခဲ့ပြီးနောက် ဆော်ဒီသည် စွမ်းအင်တင်ပို့မှုများကို ပင်လယ်နီဘက်သို့ ပြောင်းလဲခဲ့ရသည်။ဟူရ်သီအဖွဲ့က ယင်းစွမ်းအင်တင်ပို့‌ရေးလမ်းကြောင်းကိုပိတ်ဆို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

​ပြင်သစ်၏အကူအညီပေးမှု‌ကြောင့်ဟူရ်သီသူပုန်များနှင့် ဖြစ်ပွားနေသည့်ဆော်ဒီအာရေးဗျ၏စစ်ပွဲတွင် ပြင်သစ်သည်ပါဝင်ပတ် သက်သူ ဖြစ်လာခြင်းရှိမရှိမေးမြန်းရာတွင် ဘဲ‌ရော့က "လုံးဝ မဟုတ်ပါဘူး။ ဒါဟာ ကာကွယ်ရေး သက်သက်ပါပဲ" ဟု တုံ့ပြန်ခဲ့သည်။

​၎င်းက "အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲစတင်ချိန်ကတည်းက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို ကာကွယ်ဖို့ စစ်ရေးပံ့ပိုးမှုတွေ ပေးပို့တာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

​"ဒါဟာ ကျွန်တော်တို့ကို ပူးတွဲစစ်တိုက်‌ပေးတဲ့နိုင်ငံအဖြစ်သတ်မှတ်နိုင်သလားဆိုရင် တော့၊ ဘယ်တော့မှ မဟုတ်ပါဘူးလို့ပြောရမှာပါ" ဟု ၎င်းက ဆိုသည်။

​ဆော်ဒီအာရေးဗျသို့ ပို့မည့် ပြင်သစ်စစ်အင်အားသည် ဆော်ဒီအစိုးရ၏ တောင်းဆိုချက်၊ ပြင်သစ်၏ ကိုယ်ပိုင်စွမ်းရည်နှင့် အခြေအနေတိုးတက်ပြောင်းလဲမှုတို့အပေါ်တွင်မူတည်လိမ့်မည်ဟု ဘဲရော့က

ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group