
ယူကရိန်းစစ်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယားစစ်သားနှစ်ဦးကို တောင်ကိုရီးယားသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စက်တင်ဘာ ၂၅ ရက်တွင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်က ရုရှား၏ ကာ့စ်ဒေသတွင် ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယားစစ်သုံ့ ပန်းနှစ်ဦးကို ပို့ဆောင်ရေး အတွက် တောင်ကိုရီးယားအစိုးရနှင့် လပေါင်းများစွာကြာ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် လွှဲပြောင်း ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆို သည်။
ဇယ်လန်းစကီး၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ရိုက်အတည်ပြုခဲ့ခြင်း မရှိသော်လည်း တောင်ကိုရီးယားသည် မြောက်ကိုရီးယားစစ်သုံ့ပန်းများ၏ လွတ်လပ်သော သဘောဆန္ဒကို လေးစားပြီး နိုင်ငံတတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများအရ ယူကရိန်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်သားများ၏ စိတ်ဆန္ဒ၊ လွှဲပြောင်းပို့ဆောင်သည့် အချိန်ကာလနှင့် လွှဲပြောင်းပို့ဆောင်သည့် လမ်းကြောင်း၊ ယူူကရိန်းနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည့် အသေးစိတ်အချက်အလက်များကိုမူ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
မြောက်ကိုရီးယားစစ်သုံ့ပန်းများနှင့် ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး ထိလွယ်ရှလွယ်ရှိသည့် ကိစ္စတစ်ခုဖြစ်ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။
ဇယ်လန်းစကီးကလည်း ယူကရိန်းသည် မြောက်ကိုရီးယားစစ်သုံ့ပန်းနှစ်ဦးကို တောင်ကိုရီးယားသို့ မကြာသေးမီက လွှဲပြောင်းပို့ ဆောင်ခဲ့သည်ဟု ပြောကြားခဲ့ပြီး လွှဲပြောင်း ပို့ဆောင်မှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
“သူတို့တွေကို အသက်ရှင်လျက် ဖမ်းဆီးရမိဖို့ မလွယ်ပါဘူး။ သူတို့ထဲက တစ်ယောက်ကတော့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့ ပါသေးတယ်။ ဒါပေမယ့် သူဟာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးတဲ့နောက် အသတ်မခံရ ဘူးဆိုတာကို သိသွားတဲ့နောက်မှာတော့ သူအရမ်းအံ့သြသွားပါတယ်။ မြောက်ကိုရီးယားမှာ လူတွေက အဲဒီလို ကြီးပြင်းလာကြတာပါ” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသည့် မြောက်ကိုရီးယားစစ်သားနှစ်ဦးသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို စစ်ကူပေးရန် မြောက်ကိုရီးယားက စေလွှတ်ခဲ့သည့် သောင်းနှင့်ချီသည့် စစ်သားများထဲတွင် ပါဝင်ခဲ့သူများဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအွန်သည် ရုရှားကို စစ်လက်နက်ပစ္စည်းများ လည်းထောက်ပံ့ပေးခဲ့ပြီး ရုရှားနှင့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခဲ့သည်။
Ref:AP