Eleven Media Group

မြောက်ကိုရီးယားစစ်သုံ့ပန်းနှစ်ဦး လွှဲပြောင်းပို့ဆောင်မှုကို ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် ယူကရိန်းအနေဖြင့် တောင်းပန်ရန် တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်

မြောက်ကိုရီးယားစစ်သုံ့ပန်းနှစ်ဦး လွှဲပြောင်းပို့ဆောင်မှုကို ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် ယူကရိန်းအနေဖြင့် တောင်းပန်ရန် တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားချိန်က မြောက်ကိုရီးယားစစ်သုံ့ပန်းနှစ်ဦးကို တောင်ကိုရီးယားသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပြီးနောက် တောင်ကီုရီးယား၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းသည် အဆိုပါစစ်သုံ့ပန်းများလွှဲပြောင်းပို့ဆောင်မှုကို လျှို့ဝှက်ထိန်းသိမ်းထားရန် နှစ်ဖက်သဘောတူညီ ခဲ့သည်ဆိုသည့်အချက်ကို ငြင်းဆိုခဲ့သည့်အတွက် ယူကရိန်းအစိုးရအနေဖြင့် တရားဝင်ရှင်းလင်းချက် ထုတ်ပြန် ပေးရန်နှင့် တောင်းပန်ရန် တောင်ကိုရီးယားသမ္မတရုံးက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

"ယူကရိန်းရဲ့ တစ်ဖက်သတ် ထုတ်ဖော်ပြောဆိုမှုနဲ့ သတင်းအချက်အလက် ထိန်းသိမ်းရေး သဘောတူညီချက် မရှိခဲ့ပါဘူးလို့ နောက်ဆက်တွဲ မဟုတ်မမှန် ထုတ်ပြန်ခဲ့မှုအပေါ် သမ္မတရုံးအနေနဲ့ အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြအပ်ပါတယ်" ဟု တောင်ကိုရီးယား သမ္မတ၏ ပြန်ကြားရေးဆိုင်ရာအကြီးတန်း အတွင်းဝန် ဆောင်းဂီဟုန်းက စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့သည်။

လိုအပ်လာပါက အစိုးရအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်အရေးယူ ဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသည် အဆိုပါ စစ်သုံ့ပန်းများ လွှဲပြောင်းပေးရေးကိစ္စကို တောင်ကိုရီးယားနှင့် နည်းလမ်းပေါင်းစုံမှ တစ်ဆင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး သတင်းအချက်အလက်များကို လျှို့ဝှက်ထားရှိရန် တောင်းဆိုခဲ့ကြောင်း ဆောင်းက ပြောကြားခဲ့သည်။

လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့မည်ဆိုပါက ယူကရိန်းစစ်သုံ့ပန်းများနှင့် လဲလှယ်နိုင်သည့်အခွင့်အရေးကို လက်လွှတ်လိုက်သည်ဟု ယူကရိန်းနိုင်ငံအတွင်း ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာနိုင်သဖြင့် လျှို့ဝှက်ပေးရန် ယူကရိန်းဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

တောင်ကိုရီးယားကလည်း စစ်သုံ့ပန်းများနှင့် ၎င်းတို့မိသားစုများ၏ လုံခြုံရေး အပါအဝင် လုံခြုံရေး၊ သံတမန်ရေးရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားပြီး အဆိုပါ လွှဲပြောင်းမှုကို လျှို့ဝှက်ထိန်းသိမ်းထားရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဆောင်းက ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်အရ ယူကရိန်းသည် အဆိုပါ စစ်သုံ့ပန်းများလွှဲပြောင်းမှုကို တောင်ကိုရီးယားနှင့် ကြိုတင် ပြည့်စုံစွာ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဇယ်လန်းစကီး၏ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းအတွင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် လျှို့ဝှက်ထိန်းသိမ်းရေး သဘောတူညီချက် မရှိခဲ့ကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ငြင်းဆိုမှုသည် အစိုးရနှစ်ရပ်ကြား ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း ဆောင်း က ပြောကြားခဲ့သည်။

Ref: CNA

မူရင်းသတင်း — Eleven Media Group