
လွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်က မိုးသည်းထန်ခဲ့သဖြင့် ဘေးအန္တရာယ်ကျရောက်နေကြောင်း ကြေညာ ထားသည့် မြို့တော်ဘန်ကောက်တွင် သေဆုံးသူမရှိခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်ကတည်းက ထိုင်းရေကြီးမှုအတွင်း ရှစ်ဦးသေဆုံးခဲ့သည်ဟု စက်တင်ဘာ ၂၈ ရက်တွင် အစိုးရက ပြောကြားသည်။
ဘေးအန္တရာယ်တားဆီးရေးနှင့် လျော့ပါးရေးဌာန(DDPM)၏ထုတ်ပြန်ချက်အရ သေဆုံးသူရှစ်ဦးမှာ အရှေ့ပိုင်းပြည်နယ်များမှ ဖြစ်သည်ဟု သိရသည်။ ဆာကရေကိုးတွင် ငါးဦး၊ ချန်သာဘူရီတွင် နှစ်ဦး၊ ဆာရာဘူရီတွင် တစ်ဦး သေဆုံးခဲ့သည်။ DDPM က ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြခြင်းမရှိပေ။
ရေကြီးမှုများကြောင့် ဘန်ကောက်မပါထိုင်းရှိပြည်နယ် ၃၇ ခု၌ အိမ်ထောင်စု ၅၀၀,၀၀၀ ကျော်နှင့် လူ ၁ ဒသမ ၇ သန်းကျော် ထိခိုက်ခဲ့သည်ဟု DDPM ကဖော်ပြခဲ့သည်။
ဘန်ကောက်၌ နောက်ထပ်အိမ်ထောင်စု ၅၂,၀၀၀ ထိခိုက်ခဲ့သည်။ ၄၈ နာရီ နီးပါး မိုးသည်းထန်ခဲ့သဖြင့် တူးမြောင်းများရေလျှံခဲ့ပြီး ကားလမ်းများ ရေမြုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်တွင် ဘန်ကောက်၌ ရေဘေးအန္တရာယ်ကို ကြေညာခဲ့သည်။
ဘန်ကောက်၌ သေဆုံးသူမရှိဟု တရားဝင်ထုတ်ပြန်ထားသည်။ ရေအခြေအနေတည်ငြိမ်ပြီဟု DDPM ကပြောသည်။
သို့သော် ဘန်ကောက်အရှေ့ပိုင်းရပ်ကွက်တစ်ခုတွင် မိုးများပြီး ရေကြီးနေသဖြင့် ရပ်ကွက်နေပြည်သူများသည် ပေါင်လောက်နက်သော ရေထဲတွင်သွားလာနေသည်ဟု AFP က ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် လမ်းများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး ကွန်ရက်များ သိသိသာသာ တိတ်ဆိတ်နေခြင်းနှင့်အတူ စာသင်ကျောင်းများ ပိတ်ထားပြီး အလုပ်များကိုလည်း နေအိမ်မှ လုပ်ကြရန် ဆော်ဩထားရာ အများစုကနေအိမ်မှ အလုပ်လုပ်ခြင်းကို လိုက်နာခဲ့ကြသည်။
"ဘန်ကောက် ဧရိယာအချို့ဟာ ရေတွေတက်နေတာကို ရင်ဆိုင်နေရဆဲပါ"ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ အက်ခါပေါ့ပီယန်ပိုက်ဆက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
Ref:AFP