Eleven Media Group

ခေတ်သစ်စစ်ပွဲများတွင် အလွန်အရေးပါသည့် ဒရုန်းများထုတ်လုပ်ရန်အတွက် ဒီမိုကရေစီမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဟု တရုတ် (တိုင်ပေ) ပြောကြား

ခေတ်သစ်စစ်ပွဲများတွင် အလွန်အရေးပါသည့် ဒရုန်းများထုတ်လုပ်ရန်အတွက် ဒီမိုကရေစီမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဟု တရုတ် (တိုင်ပေ) သမ္မတ လိုင်ချင်တယ်က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သည် တရုတ် (တိုင်ပေ) အပေါ် စစ်ရေးအရ ဖိအားပေးမှုများ မြင့်တက်လာသည့်အတွက် တရုတ် (တိုင်ပေ) အစိုးရသည် ကာကွယ်ရေးကဏ္ဍ ခေတ်မီဆန်းသစ်ရေးနှင့် အသုံးစရိတ် မြှင့်တင်ရေးတို့ကို အဓိက ပေါ်လစီတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည်။

လိုင်သည် တရုတ် (တိုင်ပေ) တောင်ပိုင်း ချီအာယီမြို့တွင် ပြုလုပ်သည့် ဒရုန်းဖွံ့ဖြိုးရေး ဗဟိုဌာနအသစ် အုတ်မြစ်ချအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာ အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ယခုဒရုန်းထုတ်လုပ်ရေးဌာန၏ အရေးပါမှုမှာ ပိုမိုပေါ်လွင်ထင်ရှားလာကြောင်း ပြောကြားခဲ့သည်။

"ယူကရိန်းစစ်ပွဲကအစ အင်ဒို-ပစိဖိတ် ဒေသတွင်း လုံခြုံရေးနယ်ပယ်အထိ မောင်းသူမဲ့စနစ်တွေဟာ ခေတ်သစ် ကာကွယ်ရေးစနစ်မှာ အဓိက စစ်ရေးအင်အားနဲ့ တိုက်ခိုက်ရေးစွမ်းရည် ဖြစ်လာခဲ့ပါပြီ" ဟု လိုင်က ပြောကြားခဲ့ သည်။

"တစ်ချိန်တည်းမှာပဲ ကျွန်‌တော်တို့အနေနဲ့ ဒီမိုကရေစီ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းအောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ အင်ဒို-ပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ခိုင်မာတဲ့ အထောက်အပံ့ပေးနိုင်ဖို့ ပိုမို ဘေးကင်းပြီး ကြံ့ခိုင်မှုရှိတဲ့ မောင်းသူမဲ့ လေယာဉ်ထောက်ပံ့ရေး ကွင်းဆက်တစ်ခုကို ပူးတွဲတည်ဆောက်သွားရပါမယ်" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ် (တိုင်ပေ) သည် ကမ္ဘာ့အဆင့်မီ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များအပြင် တိကျသာ စက်မှုထုတ်ကုန်ကဏ္ဍကိုလည်း ပိုင်ဆိုင်ထားသည်။

တရုတ် (တိုင်ပေ) အစိုးရအဖွဲ့သည် ယခုနှစ်အတွက် ဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး စနစ်များ ပါဝင်သည့် ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၉ ဘီလီယံပိုမိုသုံးစွဲရန် ယခုလ အစောပိုင်းက အဆိုပြုခဲ့သည်။

အဆိုပါ အသုံးစရိတ် အစီအစဉ်များတွင် ကမ်းရိုးတန်းစောင့်ကြည့်ရေးနှင့် ကင်းထောက်ဒရုန်း အစင်း ၆၀၀ ကျော်၊ ကမ်းရိုးတန်း တိုက်ခိုက်ရေး ဒရုန်းအစင်း ၄၀၀၀၀ ကျော်နှင့် ပထမဆုံး အသုတ်ဖြစ်သည့် မောင်းသူမဲ့ အသေခံတိုက်ခိုက်ရေးဒရုန်းရေယာဉ် အစင်း ၁၀၀ ကျော် ပါဝင်သည်။

လိုင်နှင့် ၎င်း၏ အစိုးရသည် တရုတ်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ကြေညာချက်များကို ငြင်းပယ်ထားပြီး တရုတ် (တိုင်ပေ) ကျွန်းပေါ်ရှိ ပြည်သူများကသာ ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်မည်ဟု ပြောကြားထားသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group