
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ခန့်မှန်းချက်အရ လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညို ကြောင့် ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူဦးရေသန်း ၅၀ နီးပါး အစာရေစာမလုံလောက်မှုနှင့် ပြင်းထန်စွာ ရင်ဆိုင်ရနိုင်သည်။ အထူးသဖြင့် အာဖရိကတောင်ပိုင်းနှင့် တောင်အမေရိကတို့သည် ဆိုးရွားစွာ ထိခိုက်နိုင် သည့် ဒေသများအဖြစ် ခန့်မှန်းထားသည်။
ယခုနှစ် အယ်လ်နီညိုသည် ယခင်နှစ်များထက် အလွန်ပြင်းထန်နိုင်သဖြင့် ‘Godzilla’ El Niño သို့မဟုတ် “Super El Niño” ဟုပင် ခေါ်ဆိုနေကြသူများ ရှိသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အာဖရိကတောင်ပိုင်း၊ အမေရိကအလယ်ပိုင်းနှင့် ဩစတြေးလျနိုင်ငံတို့တွင် မိုးရေချိန်လျော့ကျကာ ခြောက်သွေ့လာနိုင်ပြီး သီးနှံအထွက်နှုန်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတို့အပေါ် ဆိုးရွားစွာ သက်ရောက်နိုင်သည်။
ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံတွင်လည်း ယခုနှစ် ဆန်ထွက်ရှိမှုသည် ၂၀၀၉-၂၀၁၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ဆန်တင်ပို့သူများက ခန့်မှန်းထားသည်။ ယင်းကာလအတွင်း အယ်လ်နီညိုကြောင့် မိုးခေါင်မှုဖြစ်ပေါ်ခဲ့ပြီး ဆန်ထုတ်လုပ်မှု ကျဆင်းခဲ့သည်။
အယ်လ်နီညိုဖြစ်ပေါ်သည့် ပစိဖိတ်သမုဒ္ဒရာဒေသရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ယခင်အမြင့်ဆုံး အဖြစ် မှတ်တမ်းတင်ထားသည့် ၂၀၁၅ ခုနှစ်အဆင့်နှင့် တန်းတူဖြစ်လာပြီး ပုံမှန်အပူချိန်ထက် ၃ ဒီဂရီဆဲလ်စီး ယပ်အထိ မြင့်တက်နေသည်။ ထိုအခြေအနေသည် အလွန်ရှားပါးသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး အယ်လ်နီ ညို၏ အမြင့်ဆုံးအဆင့်သို့ မရောက်ရှိသေးသဖြင့် ယခုနှစ်ကုန်ပိုင်းအထိ အပူချိန် မည်မျှမြင့်တက်လာမည်ကို အတိအကျ မသိနိုင်သေးပေ။
အယ်လ်နီညိုသည် ဒေသအချို့တွင် မိုးခေါင်မှုဖြစ်စေနိုင်သကဲ့သို့ အခြားဒေသများတွင် မိုးကြီးကာ ရေကြီးရေလျှံမှုများ ဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံ မိုးခေါင်မှုနှင့် ရေကြီးမှုတို့ကို ဒေသအလိုက် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေနိုင်သည်။
ထိုကဲ့သို့ ရာသီဥတုအစွန်းရောက်မှုများကြောင့် သီးနှံများ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးနိုင်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှု လျော့ကျကာ ကုန်သွယ်ရေးနှင့် ဈေးကွက်များလည်း အနှောင့်အယှက်ဖြစ်နိုင်သည်။ စားနပ်ရိက္ခာထောက်ပံ့မှု လျော့ကျလာသည်နှင့်အမျှ ဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး အစားအစာဝယ်ယူနိုင်စွမ်းလည်း လျော့နည်းလာနိုင်သည်။ အထူးသဖြင့် မိုးရေကို အားထားစိုက်ပျိုးရသည့် အသေးစားလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပိုမိုထိခိုက်နိုင်သည်။
ထို့ပြင် စစ်ပွဲပဋိပက္ခကဲ့သို့ လက်ရှိပြဿနာများနှင့် အယ်လ်နီညိုကြောင့် ဖြစ်လာသည့် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများ ပေါင်းစပ်မိပါက အစာရေစာမလုံလောက်မှုနှင့် ငတ်မွတ်မှုများ ပိုမိုလျင်မြန်စွာ မြင့်တက်လာ နိုင်သည်။
အယ်လ်နီညို၏ သက်ရောက်မှုသည် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက် အရေးပါသည့် ဒေသများအထိ ရောက်ရှိနိုင်ပြီး ထိုဒေသများတွင် ထုတ်လုပ်မှုကျဆင်းမှုနှင့် ဈေးနှုန်းမြင့်တက်မှုများက အခြားဒေသများအထိပါ ရိုက်ခတ်နိုင်သည်။ ထိုအခါ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအတွက် အန္တရာယ် ပိုမိုကျယ်ပြန့်လာမည်။
သမိုင်းတွင်လည်း ၁၈၇၇-၁၈၇၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်မှုနှင့် အငတ်ဘေးများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်းသန်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ ထိုအချိန်က အိန္ဒိယ၊ ဘရာဇီးနှင့် တရုတ်နိုင်ငံတို့က ထိခိုက်မှုအများဆုံး နိုင်ငံများထဲ ပါဝင်ခဲ့သည်။
Source: World Food Programme (WFP)