
အမေရိကန်နှင့် ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီးနောက် IRNA သတင်းအေဂျင်စီက ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်နေသည့် အီရန် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
"နယူးယောက်မှာ ရောက်ရှိနေတဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အစီအစဉ် မရှိပါဘူး" ဟု အဆိုပါ အီရန်ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကားပြီး IRNA က ဖော်ပြခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမည့် အီရန်၏ အဆိုပြုချက်ကို ထရန့်က ငြင်းပယ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အီရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း ထရန့်က Axios သတင်းဌာနကို စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
"အီရန်ရဲ့ သဘောထားတွေနဲ့ ရပ်တည်ချက်တွေကို ကာတာစေစပ်ညှိနှိုင်းသူတွေကတစ်ဆင့် အမေရိကန်ဘက်ကို ရှင်းလင်း ပြတ်သားစွာ အသိပေး အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်" ဟု IRNA က ဖော်ပြခဲ့ပြီး အီရန် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက်တွင် အီရန်သို့ ပြန်လာမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။
Ref:AFP