Eleven Media Group

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ဇနီး အသက် ၁၀၀ တွင် ကွယ်လွန်

မလေးရှားနိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်၏ ဇနီး ပြည်သူ့ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ အသက် ၁၀၀ ရှိပြီဖြစ်သည့် စီတီ ဟက်စ်မာ မိုဟာမက်အလီ စက်တင်ဘာ ၂၈ ရက်တွင် ကွယ်လွန်သွားကြောင်း မဟာသီယာ၏ရုံးက ထုတ်ပြန်ထားသည်။

စီတီ ဟက်စ်မာ၏ ဈာပနကို နေ့မကူးဘဲပြုလုပ်ခဲ့​ပြီး မလေးရှားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ အစ္စလာမ်ဘာသာဝင်များအတွက် သုသာန်တွင် မြှုပ်နှံခဲ့ကြောင်း သိရသည်။

အသက် ၁၀၁ နှစ်ရှိပြီဖြစ်သည့် မဟာသီယာကို မလေးရှားနိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် အဓိက ဦးဆောင်ခဲ့သူအဖြစ် မကြာခဏ ချီးကျူးဖော်ပြလေ့ရှိသည်။ ၎င်းသည် ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တမ်းအားဖြင့် ဆယ်စုနှစ်နှစ်ခုကျော် ရှိခဲ့သည်။

မဟာသီယာနှင့် စီတီ ဟက်စ်မာတို့ ၁၉၄၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် စင်ကာပူ၌ ဆေးတက္ကသိုလ်တက်ရင်း တွေ့ခဲ့ကြခြင်းဖြစ်သည်။ ယခုနှစ် ဩဂုတ်တွင် ၎င်းတို့အိမ်ထောင်သက် အနှစ် ၇၀ ပြည့်ခဲ့ပြီး သားသမီးခုနစ်ဦး ရခဲ့သည်။

ခင်ပွန်းဖြစ်သူ မဟာသီယာက ပြတ်သားသလောက် စီတီ ဟက်စ်မာက ရိုးရှင်းအေးဆေးပြီး ဟာသဉာဏ်ကောင်းသူအဖြစ် လူသိများသည်။

၎င်းသည် မဟာသီယာ၏ဇာတိ ကီဒါပြည်နယ်တွင် ဆေးဘက်ဆိုင်ရာအရာရှိအဖြစ် ခန့်အပ်ခံရသည့် ပထမဆုံးအမျိုးသမီးဖြစ်ပြီး မဟာသီယာ၏ ဇနီးအဖြစ် နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ခဲ့စဉ် မိခင်နှင့်ကလေး ကျန်းမာရေး၊ မိသားစုစီမံကိန်းအပါအဝင် လူမှုရေးကဏ္ဍများကို အလေးပေးဆောင်ရွက်ခဲ့သည်။

မဟာသီယာကလည်း ၎င်း၏ အောင်မြင်မှုများအတွက် အဓိကအားဖြည့်ပေးခဲ့သူက ဇနီးဖြစ်ကြောင်း ၊ ထိုခေတ်က မလေးရှားအမျိုးသမီးများအကြား တက္ကသိုလ်ဘွဲ့ရရှိသူ ရှားပါးသော်လည်း အခက်အခဲများကြားမှ ဘွဲ့ရ​အောင်ကြိုးစားခဲ့သည့် ဇနီး၏ စိတ်ဓာတ်ခိုင်မာမှုကို သဘောကျကြောင်း ချီးမွမ်းပြောဖူးသည်။

မဟာသီယာသည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ပထမအကြိမ် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့စဉ် နိုင်ငံ၏ စက်မှုလုပ်ငန်းများ အလျင်အမြန် တိုးတက်လာသည့် ကာလကို ဦးဆောင်ခဲ့ပြီး မလေးရှားကို အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။

ထို့နောက် နိုင်ငံရေးလောကမှ အနားယူထားရာမှ ၂၀၁၈ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာပြီး ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ဖြုတ်ချခဲ့ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Photo: SCMP

မူရင်းသတင်း — Eleven Media Group