
ပိုလိုဟာရီကိန်းမုန်တိုင်း မက္ကဆီကို၏ပစိဖိတ်ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်ဟု အာဏာပိုင်များက ခန့်မှန်းထားကြောင်း သိရသည်။
ပိုလိုဟာရီကိန်းမုန်တိုင်းက စက်တင်ဘာ ၂၈ ရက်တွင် မက္ကဆီကို၏ပစိဖိတ်ကမ်းရိုး တန်း အလွန်တွင်တည်ရှိသောမြို့လေး၌ ကုန်းတွင်းသို့ ဝင်မည်ဟု ခန့်မှန်းထားပြီး အာဏာပိုင်များက မိုးများပြီး ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
လူ ၆၀၀၀ နီးပါးနေထိုင်ရာ ငါးဖမ်းလုပ်ငန်း ဆိပ်ကမ်းငယ်ရှိသော ပွာတိုဆန်ကားလော့စ်မြို့သည် ပြင်းအားအဆင့်သုံးရှိသော ဟာရီကိန်းမုန်တိုင်း၏လမ်းကြောင်းတည့်တည့်တွင်ရှိသည်ဟု အမေရိကန်အမျိုးသားဟာရီကိန်းစင်တာ (NHC)၏ထုတ်ပြန်ချက်အရသိရသည်။
NHC က စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မက္ကဆီကို၏ဘာဟာကယ်လီဖိုးနီးယားဆားနှင့် ဆိုနိုရာပြည်နယ်တို့၌ လေပြင်းများနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
ဘာဟာကယ်လီဖိုးနီးယားဆားပြည်နယ်ထဲက ပွာတိုဆန်ကားလော့စ်မြို့ရှိ အိမ်နှင့် ဈေးဆိုင် အနည်းငယ်လောက်ကသာ တံခါးများ၊ ပြတင်းပေါက်များကို ဘုတ်ပြားများဖြင့် အကာအကွယ် လုပ်ထားသည်ကို တွေ့ရသည်။
ဟာရီကိန်းက စက်တင်ဘာ ၂၈ ရက် သို့မဟုတ် ၂၉ ရက်တွင် အနောက်မြောက် မက္ကဆီကိုတွင် ဒုတိယအကြိမ် ကုန်းတွင်းဝင်မည်ဟု ခန့်မှန်းကြောင်း NHC က ပြောကြားသည်။
မက္ကဆီကိုသည် ထုံးစံအားဖြင့် မေနှင့်နိုဝင်ဘာအကြားတွင် ပစိဖိတ်နှင့် အတ္တလန်တိတ် ကမ်းရိုးတန်းနှစ်ခုစလုံးတွင် ဟာရီကိန်းမုန်တိုင်းများ နှစ်စဉ် ဝင်ရောက်သည်။
အယ်နီညို မိုးလေဝသပုံစံက ယခုနှစ်၏ မုန်တိုင်းရာသီကို အားကောင်းစေသည်။
Photo - AFP