Eleven Media Group

■ လတ်တလောလိုအပ်ချက်အရ လွှတ်တော်ရပ်နားထားချိန်တွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်၍ ပြည်ထဲရေးဝန်ကြီး ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

လတ်တလောလိုအပ်ချက်အရ လွှတ်တော်ရပ်နားထားချိန်တွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်၍ ပြည်ထဲရေးဝန်ကြီး ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုဝန်ကြီး အစားထိုးခန့်အပ်ခြင်းနှင့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် ၆/၂၀၂၆ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်စေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို အဓိက တာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအင်အားစုများစွာကို စုစည်းထားပြီး အဓိကအားဖြင့် လူမှုလုံခြုံရေး၊ ရာဇဝတ်မှုကာကွယ်တားဆီးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ လမ်းစည်းကမ်း စီမံခန့်ခွဲမှုတို့ကို တာဝန်ယူသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီးပွားရေးရာ ရာဇဝတ်မှုများ၊ အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးသည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းထောင်စီမံခန့်ခွဲမှုတာဝန်ယူသည့် အကျဉ်းဦးစီးဌာန၊ မီးဘေးကာကွယ်ရေး၊ တားဆီးရေးနှင့် ကယ်ဆယ်ရေးတို့ကို တာဝန်ယူသည့် မီးသတ်ဦးစီးဌာန၊ အဓိကအားဖြင့် ရပ်ကျေးအဆင့်မှ ပြည်ထောင်စုအဆင့်ထိ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေးအတွက် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ထိုသို့သောအကြောင်းအချက်များအရ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံတော်လုံခြုံရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးဆိုင်ရာလုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လတ်တလောလိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးရပ်နားထားချိန်တွင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ်ပြန်၍ ခန့်အပ်တာဝန်ပေးမှုအပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်းပြီး ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၃ အရ ကန့်ကွက်ကြောင်းအဆိုကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နာယကထံ တင်သွင်းရမည်ဖြစ်ပြီး ယင်းအဆိုနှင့်အတူ ကန့်ကွက်လိုသည့် ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ထားသည့် အရည်အချင်းနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း တင်ပြထားသည့်ပုဂ္ဂိုလ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ) တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက် ကြာသပတေးနေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

မူရင်းသတင်း — Eleven Media Group