Eleven Media Group

■ ဖီဂျီတွင် တရားရုံးချုပ်၏ သက်သေခံပစ္စည်းများ သိမ်းဆည်းသည့်အခန်းအတွင်းမှ ကိုကင်းများ ခိုးယူခံရပြီး ဂျုံမှုန့်များနှင့် အစားထိုးလဲလှယ်ခံထားရ

ဖီဂျီနိုင်ငံတွင် တရားရုံးချုပ်၏ သက်သေခံပစ္စည်းများ သိမ်းဆည်းသည့်အခန်းအတွင်းမှ ကိုကင်းများ ခိုးယူခံရပြီး ဂျုံမှုန့်များနှင့် အစားထိုးလဲလှယ်ခံထားရကြောင်း စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၂၉ ရက်တွင် တွေ့ရှိခဲ့သည်။

ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် လှပသော ကမ်းခြေများကြောင့် လူသိများသော တောင်ပစိဖိတ် ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီသည် လက်တင်အမေရိကမှ ဩစတြေးလျနိုင်ငံသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် မူးယစ်ဆေးဝါးဂိုဏ်းများအတွက် ခရီးတစ်ထောက်ရပ်နားသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဖီဂျီ ရဲတပ်ဖွဲ့သည် ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော စီးနင်းမှုတစ်ရပ်တွင် ကိုကင်း အတုံးအခဲ ၃၉ တုံးကို သိမ်းဆည်းရမိခဲ့ပြီး တစ်တုံးလျှင် အလေးချိန် တစ်ကီလိုဂရမ် ( ၂ ဒသမ ၂ ပေါင်) ခန့်ရှိကာ ပလတ်စတစ်ဖြင့် ထုပ်ပိုးထားခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် ကိုကင်းအတုံးအခဲ ခုနစ်တုံး ပျောက်ဆုံးသွားကြောင်း စုံစမ်းစစ်ဆေးသူများက သတိပြုမိခဲ့သည်ဟု ရဲမင်းကြီး ရူဆီယာတီ တူဒရာဗူက ပြောကြားခဲ့သည်။

ထို့ကြောင့် ဆူဗာမြို့တော်ရှိ တရားရုံးချုပ်၏ သက်သေခံပစ္စည်းများ သိမ်းဆည်းသည့် အခန်းအတွင်း သိမ်းဆည်းထားသော ကျန်ရှိနေသည့် ကိုကင်းအထုပ်များကို မှုခင်းဆေးပညာအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ဆေးမှုများအရ အခန်းထဲတွင် သိမ်းဆည်းထားခဲ့သော ကိုကင်းများသည် ရဲတပ်ဖွဲ့၏ မျက်စိအောက်မှပင် ခိုးယူခြင်းခံခဲ့ရပြီး ဂျုံမှုန့်ထုပ်များနှင့် အစားထိုးလဲလှယ်ခံထားရကြောင်း တွေ့ရှိခဲ့ရသည်။

"ပျောက်ဆုံးနေတဲ့ ကိုကင်း အတုံးအခဲ ခုနစ်တုံးကို တွေ့ရှိရတာနဲ့ သက်သေခံပစ္စည်းတွေ လဲလှယ်ခံထားရတာတွေကြောင့် ကျန်ရှိနေတဲ့ ကိုကင်းထုပ်တွေကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စစ်ဆေးချက်အရ အဲဒီအထုပ်တွေဟာ ကိုကင်းတွေမဟုတ်ပါဘူး" ဟု တူဒရာဗူက စက်တင်ဘာ ၃၀ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က အဆိုပါ အတုံးအခဲများကို သိမ်းဆည်းရမိပြီးနောက် စစ်ဆေးမှုများပြုလုပ်ခဲ့ချိန်တွင် ကိုကင်းများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

"အစိုးရက ထောက်ပြပြောဆိုထားတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖီဂျီ ရဲတပ်ဖွဲ့အနေနဲ့ အလေးအနက်ထား ဆောင်ရွက်နေပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကို ဦးစားပေးအဆင့် သတ်မှတ်ပြီး အစွမ်းကုန် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ကျွန်တော် အာမခံပါတယ်" ဟု တူဒရာဗူ က ထပ်လောင်းပြောကြားခဲ့သည်။

ဖီဂျီနှင့် တွန်ဂါကဲ့သို့ ပစိဖိတ် ကျွန်းစုနိုင်ငံများသည် လက်တင်အမေရိကမှ ကိုကင်းများ သယ်ဆောင်ရာတွင် အသုံးပြုသည့် မှောင်ခိုလမ်းကြောင်းများ၏ လမ်းဆုံလမ်းခွတွင် တည်ရှိနေကြသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group