Eleven Media Group

■ ယူကရိန်းသမ္မတက တောင်ကိုရီးယားပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် မြောက်ကိုရီးယား စစ်သုံ့ပန်းနှစ်ဦးအား  လွှဲပြောင်းပို့ဆောင်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ပြောကြား

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက တောင်ကိုရီးယားပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် မြောက်ကိုရီးယား စစ်သုံ့ပန်းနှစ်ဦးအား လွှဲပြောင်းပို့ဆောင်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ယူဆထားသည်ဟု လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဇယ်လန်းစကီးသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားချိန်၌ မြောက်ကိုရီးယားစစ်သုံ့ပန်းနှစ်ဦးအား တောင်ကိုရီးယားသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသည် တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်များထောက်ပံ့ပေးရန်အတွက် တောင်ကိုရီးယားပြည်သူများ၏ ထောက်ခံမှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ယူဆထားသည်။

ကုလသမဂ္ဂတွင် ဇယ်လန်းစကီး၏ ပြောကြားချက်များ ထွက်ပေါ်လာပြီး နာရီပိုင်းအကြာတွင် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က စိတ်ပျက်ကြောင်း ထုတ်ဖော်ပြသခဲ့ပြီး မြောက်ကိုရီးယားရှိ စစ်သုံ့ပန်းများ၏ ဆွေမျိုးသားချင်းများကို အရေးယူ ဒဏ်ခတ်မှုများမှ အကာအကွယ်ပေးရန်အတွက် ထိုအကြောင်းကို လျှို့ဝှက်ထိန်းသိမ်းထားရန် အရေးကြီးကြောင်း တောင်ကိုရီးယားအစိုးရက ပြောဆိုခဲ့သည်။

ထို့ပြင် အဆိုပါ စစ်သုံ့ပန်းများလွှဲပြောင်းပို့ဆောင်မှုကို ထုတ်ဖော်ပြောကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး ကြီးမားသည့် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြသရန် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကို တောင်ကိုရီးယားအစိုးရက စက်တင်ဘာ ၂၈ ရက်တွင် ဆင့်ခေါ်ခဲ့သည်။

ယူကရိန်းအား လက်နက်များနှင့် အခြားသော အကူအညီများ ပံ့ပိုးပေးရေးအတွက် တောင်ကိုရီးယားပြည်သူလူထု၏ ထောက်ခံမှုကို ဖန်တီးပေးနိုင်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ဇယ်လန်းစကီးက အဆိုပါ စစ်သုံ့ပန်းများလွှဲပြောင်းမှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်နိုင်သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ယုံကြည်နေကြောင်း လွှတ်တော်အမတ် ယူးယောင်းဟက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ စစ်သုံ့ပန်း နှစ်ဦးသည် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်ဝန်းကျင်တွင် ယူကရိန်းမှ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း အခြား လွှတ်တော်အမတ်တစ်ဦးဖြစ်သော ယူကွန်းယောင်းက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး သိသာထင်ရှားသော ကျန်းမာရေးစိုးရိမ်ပူပန်စရာ တစ်စုံတစ်ရာမရှိကြောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လိုသည့် ၎င်းတို့နှစ်ဦး၏ ဆန္ဒကို အကြိမ်ကြိမ် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း ယူက ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group