Eleven Media Group

■ Thai Airways က ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များကို အောက်တိုဘာ ၁ ရက်အထိ ထပ်မံဖျက်သိမ်း

ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် ဝန်ထမ်းများ အလုပ်သွားလာရန် အခက်အခဲကြုံနေသဖြင့် Thai Airways International လေကြောင်းလိုင်းက ပြည်တွင်းနှင့် နိုင်ငံတကာ လေယာဉ်ခရီးစဉ်အချို့ကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ထပ်မံဖျက်သိမ်းကြောင်း ကြေညာထားသည်။

စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံတကာခရီးစဉ် ငါးခု၊ စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်းခရီးစဉ် ခုနစ်ခုနှင့် နိုင်ငံတကာခရီးစဉ် ၂၁ ခု အပါအဝင် စုစုပေါင်းခရီးစဉ် ၂၈ ခု၊ အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတကာခရီးစဉ် လေးခုတို့ကို ဖျက်သိမ်းထားသည်။ ခရီးစဉ်များ ဖျက်သိမ်းလိုက်ရသည့်အတွက် အဆင်မပြေမှုများ ဖြစ်လာခဲ့သည့်အပေါ် တောင်းပန်ပါကြောင်းလည်း လေကြောင်းလိုင်းဘက်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရေကြီးမှုကြောင့် ဝန်ထမ်းအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေသဖြင့် သုဝဏ္ဏဘူမိလေဆိပ်၏ ကုန်စည်သိုလှောင်ရုံမှ ကုန်ပစ္စည်းလက်ခံမှုကို Thai Airways က စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ တစ်ပတ်ကြာ ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်။

ကုန်စည်လက်ခံမှုကို ယာယီရပ်ဆိုင်းလိုက်ရခြင်းမှာ လုပ်ငန်းလည်ပတ်မှု ထိရောက်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ လက်ရှိဝန်ထမ်းအင်အားနှင့် အရင်းအမြစ်များကို သင့်လျော်စွာ ခွဲဝေသုံးစွဲနိုင်ရန် ရည်ရွယ်ခြင်းဟု Thai Airways က ပြောသည်။

သုဝဏ္ဏဘူမိလေဆိပ်တွင် ဖြစ်ပေါ်နေသည့် ခရီးဆောင်အိတ်များ စုပုံနေမှုနှင့် လေယာဉ်ခရီးစဉ်များ နှောင့်နှေးနေမှု ပြဿနာကို မဖြေရှင်းလိုပါက Thai Airways အကြီးအကဲ ရာထူးမှနုတ်ထွက်လိုက်ဟုလည်း ခရီးသွားလုပ်ငန်းဝန်ကြီးက တောင်းဆိုထားသည်။

Ref: Nation Thailand

မူရင်းသတင်း — Eleven Media Group