
■ နှစ်ပေါင်း ၂၀ ကျော် ကြာပြီးနောက် အမေရိကန်တပ်များ အီရတ်မှ အပြီးသတ်ဆုတ်ခွာ
■ အီရန်နှင့်မဟာမိတ်များက ဝမ်းသာကြိုဆို
အမေရိကန်တပ်များက အီရတ်နိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် စစ်အခြေစိုက်စခန်းများမှ စက်တင်ဘာ ၃၀ ရက်တွင် အပြီးသတ် ထွက်ခွာတော့မည်ဖြစ်သည်။
အမေရိကန်တပ်များ ရုပ်သိမ်းမှုကို အီရန်နှင့် ၎င်း၏မဟာမိတ်များက အောင်ပွဲတစ်ရပ်အဖြစ် ကြိုဆိုနေကြပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်ပွဲကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၄,၅၀၀ သေဆုံးခဲ့သည့် အီရတ်နိုင်ငံတွင် အီရန်နှင့်မဟာမိတ်များ၏ နိုင်ငံရေးနှင့်စစ်ရေး ဩဇာလွှမ်းမိုးမှုမှာ အတော်နက်ရှိုင်းနေပြီဖြစ်သည်။
အီရတ်လုံခြုံရေး ကျွမ်းကျင်သူများက အမေရိကန်တပ်များ ရုပ်သိမ်းမှုသည် အီရန်နှင့်မဟာမိတ် အဖွဲ့များအတွက် အီရတ်နိုင်ငံအတွင်း လွတ်လပ်စွာလှုပ်ရှားနိုင်မည့် အခွင့်အရေး ပိုမိုရရှိစေနိုင်ကာ ၊ IS အပါအဝင် အမေရိကန်၏ အခြားရန်ဘက်အဖွဲ့များ ပြန်လည်အားကောင်းလာနိုင်သည့် အခြေအနေ ဖြစ်စေနိုင်ကြောင်း သုံးသပ်ကြသည်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၄ ခုနှစ်တွင် အမေရိကန်တပ်များ ဆုတ်ခွာရန် သဘောတူထားခြင်းဖြစ်ပြီး ဒေါ်နယ်ထရန့်အစိုးရ လက်ထက်တွင် ( အီရန်နှင့် စစ်ဖြစ်နေသည့်ကြားမှ) အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းထားသည့် အီရတ်အစ္စလာမ်မစ်တော်လှန်ရေး တပ်ဖွဲ့များ၏ တပ်မှူးအဘူ မိုဂျ်တဘာက အမေရိကန်တပ်များ အီရတ်မှထွက်ခွာမှုသည်၎င်းတို့နှင့် အီရတ်ပြည်သူများအတွက် သမိုင်းဝင်အောင်ပွဲဖြစ်ပြီး အမေရိကန်အတွက်မူ အကြီးအကျယ်ရှုံးနိမ့်မှုဟု ပြောသည်။
အမေရိကန်တပ်များသည် ဆွန်နီမွတ်စလင်အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချရန် ၂၀၀၃ ခုနှစ်တွင် အီရတ်ကိုကျူးကျော်ကာ သိမ်းပိုက်လိုက်ပြီး ရှီအာမွတ်စလင်များ ဦးဆောင်သည့် အစိုးရတစ်ရပ်ကို ထူထောင်ကာ နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်မှုများကို နှိမ်နင်းခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်အကုန်တွင် အမေရိကန်တပ်များ အီရတ်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။
သို့သော် သုံးနှစ်မပြည့်မီ ဆွန်နီအစွန်းရောက် လက်နက်ကိုင်အဖွဲ့ IS ကို ချေမှုန်းနေသည့် အီရတ်တပ်ဖွဲ့များအား ကူညီရန် အမေရိကန်တပ်များ အီရတ်သို့ ပြန်ဝင်လာကာ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အကြီးစားစစ်ပွဲတစ်ရပ် ဖြစ်ပွားခဲ့သည်။
လတ်တလောနှစ်များအတွင်း အီရတ်သည် အမေရိကန်၊ အီရန်တို့နှင့် နိုင်ငံရေးရော၊စစ်ရေးအရပါ နီးကပ်သည့် မဟာမိတ်ဆက်ဆံရေးကို တစ်ပြိုင်တည်း ထိန်းသိမ်းထားသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်လာခဲ့သည်။ တစ်ခါတစ်ရံ အမေရိကန်နှင့် အီရန်တို့၏ အပြန်အလှန် ပဋိပက္ခများအတွက် အီရတ်ပိုင်နက်ကို ကြားခံစစ်မြေပြင်အဖြစ် အသုံးချခဲ့ကြသည်။
အီရန်၏ အဓိကရည်မှန်းချက်က အရှေ့အလယ်ပိုင်းမှ အမေရိကန်တပ်များအားလုံး ရုပ်သိမ်းသွားရန်ဖြစ်သည်။ အီရတ်လက်နက်ကိုင် အဖွဲ့များသည် အီရန်၏ညွှန်ကြားချက်ဖြင့် အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်ကာ အရှေ့အလယ်ပိုင်းပဋိပက္ခများတွင် ပါဝင်လျက်ရှိပြီး ယခုလအတွင်း ဆော်ဒီအာရေဗျနိုင်ငံရှိ အဓိကရေနံပိုက်လိုင်းတစ်ခုကို တိုက်ခိုက်ခဲ့မှုတွင် ယင်းအဖွဲ့များ ပတ်သက်နေသည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။
Ref: Reuters
Photo: AP / Reuters