
လက်တင်အမေရိကတွင် သမိုင်းဝင် အယ်နီညိုပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုဖြစ်စဉ်ကြောင့် ပြင်းထန်သော မိုးခေါင်ရေရှားမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ကလေး သန်းပေါင်းများစွာသည် စိုးရိမ်ရသည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စက်တင် ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။
အယ်နီညိုသည် အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ၏ ရေမျက်နှာပြင်အပူချိန်ကို မြင့်တက်စေသည့် သဘာဝအလျောက် ဖြစ်ပေါ်တတ်သော ရာသီဥတု အပြောင်းအလဲဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် လေတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှု ပုံစံများကို ပြောင်းလဲစေသော ဖြစ်စဉ်ဖြစ်သည်။
ယခုနှစ်တွင် ဖြစ်ပေါ်သည့် အယ်နီညိုဖြစ်စဉ်သည် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
တောင်အမေရိကနှင့် အလယ်အမေရိက ဒေသတစ်လွှားတွင် မိုးခေါင်မှုနှင့် ရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရပြီဖြစ်ရာ လက်တင်အမေရိကရှိ ကလေး ၂၅ ဒသမ ၈ သန်း (ခုနစ်ဦးတွင် တစ်ဦးနှုန်း) မိုးခေါင်မှုနှင့် ရေကြီးမှုအန္တရာယ်များကို ပိုမိုရင်ဆိုင်နေရကြောင်း ယူနီဆက်ဖ်က သတိပေးထားသည်။
ယခုဖြစ်စဉ်များ၏ ရိုက်ခတ်မှုကြောင့် "ကလေး အမြောက်အမြားကို ပိုမိုထိခိုက်လွယ်သည့် အခြေအနေသို့ တွန်းပို့ရာရောက်စေပြီး လက်ရှိဖြစ်ပေါ်နေသည့် မညီမျှမှုများကိုလည်း ပိုမိုကြီးထွားလာစေနိုင်ကြောင်း" လက်တင်အမေရိကနှင့် ကာရီဘီယံဒေသဆိုင်ရာ ယူနီဆက်ဖ် ညွှန်ကြားရေးမှူး ရိုဘာတိုဘီနက်စ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ရာသီဥတုဆိုင်ရာသက်ရောက်မှုများသည် ဒေသတွင်း ကွဲပြားနေသည်။
အလယ်အမေရိက နိုင်ငံများဖြစ်ကြသည့် ဂွါတီမာလာ၊ အယ်လ်ဆာဗေဒို၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွာ နိုင်ငံတို့တွင် မိုးခေါင်ရေရှားမှုကြောင့် သီးနှံရိတ်သိမ်းမှုများကို ထိခိုက်စေလျက်ရှိရာ အစားအစာနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရန် အခက်အခဲဖြစ်နေသော ကလေးများအတွက် အာဟာရချို့တဲ့မှု အန္တရာယ်ကို ပိုမိုမြင့်တက်စေသည်ဟုယူနီဆက်ဖ်က ပြောကြားခဲ့သည်။
Ref: AFP