Eleven Media Group

■ အမေရိကန်က အရှေ့အလယ်ပိုင်းသို့ တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောအုပ်စု စေလွှတ်

ဒေါ်နယ်ထရန့်က အီရန်ကို ထပ်မံတိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း သတိပေးပြောဆိုထားချိန် အမေရိကန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသသို့ တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောအုပ်စု စေလွှတ်လိုက်ပြီဟု သိရသည်။

ယခု လွှတ်လိုက်သည့် စစ်သင်္ဘောအုပ်စုတွင် အထူးရေကြောင်း-ကုန်းကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုလည်း ပါဝင်ပြီး အမေရိကန်တွင် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန် နီးကပ်လာချိန်နှင့် တိုက်ဆိုင်နေသည်။

အရှေ့အလယ်ပိုင်းသို့ ဦးတည်ထွက်ခွာလာသည့် အဆိုပါ ရေတပ်သင်္ဘောအုပ်စုတွင် စုစုပေါင်းရေတပ်သား ၇,၀၀၀ ကျော်နှင့် မရိန်းတပ်ဖွဲ့ဝင် ၂,၀၀၀ ခန့် ပါဝင်သည်။ USS Theodore Roosevelt လေယာဉ်တင်စစ်သင်္ဘောနှင့် USS Makin Island ကုန်း-ရေ စစ်ဆင်ရေးအသင့်တပ်ဖွဲ့တို့အပြင် ကုန်းတက်တိုက်ခိုက်ရေးသင်္ဘောနှစ်စင်းလည်း လိုက်ပါလာမည်ဖြစ်သည်။

လက်ရှိအခြေအနေအရ အောက်တိုဘာလကုန်ပိုင်းတွင် အရှေ့အလယ်ပိုင်း၌ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောသုံးစင်းအထိ ရှိလာနိုင်သည်။ ရှိပြီးသား အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ပေါင်းတွက်မည်ဆိုပါက အရှေ့အလယ်ပိုင်းတွင် အမေရိကန်ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀,၀၀၀ ကျော်အထိ ရှိလာနိုင်ကာ လေယာဉ်အစင်းရေရာနှင့်ချီ ရှိလာမည်ဖြစ်သည်။

လက်ရှိတွင် USS George H.W. Bush နှင့် USS George Washington လေယာဉ်တင်သင်္ဘောတို့ အရှေ့အလယ်ပိုင်းတွင် ရှိနေသည်။ USS George Washington သည် ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်း တာဝန်ထမ်းဆောင်လေ့ရှိသော်လည်း ရက်ပေါင်း ၂၆၀ ကျော် ပင်လယ်ပြင်၌ ဆက်တိုက်တာဝန်ကျခဲ့သည့် USS Abraham Lincoln စစ်သင်္ဘောနေရာ အစားထိုးရန်အတွက် အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ထားခြင်းဖြစ်သည်။

USS Theodore Roosevelt အုပ်စု ရောက်လာပါက USS George Washington ကို ဂျပန်ကမ်းလွန်ပင်လယ်ပြင်သို့ ပြန်လွှတ်နိုင်ခြေရှိသည်။

အောက်တိုဘာ ၁ ရက်က ထုတ်ဝေခဲ့သည့် Time မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေါ်နယ်ထရန့်က အီရန်ကို ထပ်မံတိုက်ခိုက်နိုင်ခြေ ပြောဆိုခဲ့သည်။ လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ပြီးနောက် အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ခြေ ရှိ၊ မရှိ မေးမြန်းသည့်အပေါ် ဖြစ်နိုင်ခြေရှိသည်ဟု ထရန့်က ဖြေခဲ့သည်။

အီရန်စစ်ပွဲက နိုဝင်ဘာရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီကို ထိခိုက်စေနိုင်မလားဟု မေးမြန်းပြန်ရာ ထရန့်က ထိုသို့လည်းဖြစ်နိုင်သည်ဟု ဖြေခဲ့သည်။ သို့သော် အီရန်၌ နျူကလီးယားစွမ်းရည် ရရှိလာခြင်းကို ကမ္ဘာတစ်ဝန်းက လူ ၁၀၀ ရာခိုင်နှုန်းက ဆန့်ကျင်သည်ဟု ထရန့်ကပြောပြီး “ဒီလိုပြောရင် ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်မယ်။ ဒီလိုမပြောဘူးဆိုရင်တော့ ထိခိုက်နိုင်တယ်” ဟု ဖြေကြားခဲ့သည်။

Ref: AP

မူရင်းသတင်း — Eleven Media Group