Eleven Media Group

■ အာဂျင်တီးနားတွင် ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့်အစီအစဉ် စတင်မည်

အာဂျင်တီးနားနိုင်ငံသည် တောင်အမေရိကတိုက်တွင် ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်သည့် အစီအစဉ်ကို ပထမဆုံး စတင်တော့မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး လူးဝစ်ကာပိုတိုက စက်တင်ဘာ ၂ ရက်တွင် X လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့သည်။

လျှောက်လွှာများကို ၂၀၂၆ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် စတင်လက်ခံမည်ဖြစ်ပြီး (ပြန်လည်ထုတ်ယူခွင့်မရှိသည့်) အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ လှူဒါန်းခြင်း သို့မဟုတ် ဒေါ်လာ ၈၀၀,၀၀၀ တန် အစိုးရငွေချေးစာချုပ် ဝယ်ယူခြင်းတို့မှတစ်ဆင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစီအစဉ်အရ လျှောက်ထားသူ၏ အိမ်ထောင်ဖက်နှင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ အိမ်ထောင်မရှိ၊ သားသမီးမရှိသည့် သားသမီးများလည်း အစိုးရဘဏ္ဍာငွေထဲသို့ တစ်ဦးလျှင် ဒေါ်လာ ၁၀၀,၀၀၀ ထည့်ဝင်ခြင်းဖြင့် အာဂျင်တီးနားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ အသက် ၁၈ နှစ်အောက် သားသမီးများဖြစ်ပါက တစ်ဦးလျှင် ဒေါ်လာ ၂၅,၀၀၀ ထည့်ဝင်ရမည်ဖြစ်သည်။

လူချမ်းသာများအတွက် နိုင်ငံအတွင်း နေထိုင်ခွင့် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် လွယ်ကူမြန်ဆန်စွာ ရရှိစေမည့် အလားတူအစီအစဉ်များကိုလည်း အခြားနိုင်ငံများက ထုတ်ပြန်ထားသည်။

ဒေါ်နယ်ထရန့်က Trump Gold Card ဗီဇာအစီအစဉ်ကို စတင်ထားပြီး လျှောက်ထားသူများသည် ၎င်းတို့လျှောက်လွှာကို အမြန်စစ်ဆေးပေးရန် အမေရိကန် အမိမြေလုံခြုံရေးဌာနသို့ ဒေါ်လာ ၁၅,၀၀၀ ပေးဆောင်ရန်လိုကာ နောက်ခံအချက်အလက် စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ဒေါ်လာတစ်သန်း ထည့်ဝင်ရမည်ဖြစ်သည်။ ထိုသို့ ထည့်ဝင်ပြီးပါက အမေရိကန်တွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

Source : Reuters

မူရင်းသတင်း — Eleven Media Group