
တရုတ်က ရေနံနှင့်ဓာတ်ဆီ တင်ပို့မှုများကို ရပ်ဆိုင်းထားသဖြင့် တရုတ်ထံမှရေနံ ထုတ်ကုန်အများဆုံးဝယ်နေရသော စင်ကာပူသည် ရေနံ၊ ဓာတ်ဆီ၊ဒီဇယ်ရရှိမှု ကျပ်တည်းလာရာ စင်ကာပူထံမှ လောင်စာအများစု တင်သွင်းနေရသော မြန်မာနိုင်ငံအတွက်လည်း လောင်စာဈေးမြင့်တက်လာမည့်အနေအထား ဖြစ်လာနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ဓာတ်ဆီ၊ ဒီဇယ် ၉၄ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းကို စင်ကာပူမှ အဓိက တင်သွင်းနေရခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံ၏စုစုပေါင်းလောင်စာသွင်းကုန်တန်ဖိုး၏ ၉၄ ဒသမ ၅ ရာခိုင်နှုန်း(၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ) သည် စင်ကာပူနိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ရေနံနှင့်ဒီဇယ် ဈေးနှုန်းများသည် စင်ကာပူရေနံထုတ်ကုန် ဈေးကွက်ပေါက်ဈေးများနှင့်အပြည့်အဝ ဆက်စပ်နေသည်။
ဟောင်ကောင်၊ မကာအိုတို့အပြင်အခြားနေရာများသို့ ရေနံထုတ်ကုန်များတင်ပို့ ခြင်းကို ယခုလတွင် တရုတ်၏ရပ်ဆိုင်းမှုက စင်ကာပူ၊ မလေးရှား၊ သြစတြေးလျတို့အပါအဝင် တရုတ်ထံမှ အများဆုံးဝယ်ယူနေသော နိုင်ငံအချို့ထံတင်ပို့မှုများ တင်းကျပ်လာနိုင်သည်ဟု အောက်တိုဘာ ၂ ရက်တွင် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ရေနံပြန်လည်သန့်စင် ထုတ်လုပ်ရေးဗဟိုချက် တရုတ်ထံမှ လောင် စာလျှော့ချတင်ပို့မှုများအတွက် မျှော်မှန်းချက်များက အာရှရေနံသန့်စင်လုပ်ငန်းများ၏ဓာတ်ဆီအတွက် အမြတ်အစွန်းများသည် အောက်တိုဘာ ၁ ရက်တွင် Brent ရေနံစိမ်းဈေးထက် တစ်စည်ကို ဒေါ်လာ ၅၀ ကျော် စံချိန်တင်မြင့်တက်သွားခဲ့ပြီး ဒီဇယ်နှင့်လေယာဉ်လောင်စာဆီတို့အတွက် လစဉ်ဈေးကွာခြားချက်မှာ ရေတိုတင်ပို့ပေးသည့် ဈေးများက နောင်လာမည့်လများတွင် တင်ပို့ပေးမည့် ဈေးများထက် ပိုမိုမြင့် တက်သွားသည့် ဈေးကွက်စနစ် backwardaction ကို နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ် စေခဲ့သည်။
ဈေးကွက်လေ့လာဆန်းစစ်သည့် Kplerကဖော်ပြသော အချက်အလက်များအရ တရုတ်ထံမှ ဓာတ်ဆီအများဆုံးဝယ်နေသော စင်ကာပူသည် ၂၀၂၆ ခုနှစ် ပထမ ကိုးလတွင် မက်ထရစ်တန် ၁ ဒသမ ၇၇၂ သန်း(စည် ၁၄ ဒသမ ၉၇ သန်း)တင်သွင်းခဲ့ သည်ဟု သိရသည်။ ထိုပမာဏသည် ၂၀၂၅ ခုနှစ်တုန်းက တင်သွင်းခဲ့သောပမာဏထက် ၆၂ရာခိုင်နှုန်း လျော့နည်းခဲ့ရာ ကျပ်ကျပ်တည်းတည်းတင်သွင်းရသည့်အနေအထားဖြစ်နေကာ တရုတ်တွင်လည်း သန့်စင်ပြီးရေနံသည် ငါးနှစ်အတွင်းအနည်းဆုံးဖြစ်နေသည်ကို ဖော်ပြနေသည်။
ကုန်သည်တို့က စင်ကာပူတွင် ဓာတ်ဆီကို ရောစပ်၍ ပြန်လည်တင်ပို့ရာ အင်ဒိုနီးရှား သည် အများဆုံးဝယ်ယူသောနိုင်ငံဖြစ် သည်ဟု သိရသည်။ အင်ဒိုနီးရှားအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ ပါတာမီနာအတွက် ပြောရေးဆိုခွင့်ရှိသူ မူဟာမက်ဘာရွန်က"ကျွန်တော်တို့က တရုတ်ရဲ့အလှုပ်အယမ်းများနေတဲ့ လောင်စာတင်ပို့ရေး မူဝါဒတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်"ဟု ပြောကြားခဲ့သည်။
လေယာဉ်ဆီ သို့မဟုတ် ရေနံသည် တရုတ်၏ရေနံပို့ကုန်များထဲတွင် အများဆုံး ဖြစ်ပြီး တရုတ်ပို့ကုန်ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ရရှိထားသော ဟောင်ကောင်သို့ အများစု တင်ပို့သည်။ သြစတြေးလျသည် ယခုနှစ်တွင်တရုတ်ထံမှလေယာဉ်လောင်စာဆီ ဒုတိယအများဆုံးတင်သွင်းသောနိုင်ငံဖြစ်ပြီး ၎င်း၏ နောက်တွင် ဗီယက်နမ်၊ ဂျပန်၊ မလေးရှားတို့က အသီးသီးတင်သွင်းနေသည် ဟု Kpler က ဖော်ပြခဲ့သည်။
Ref: Reuters, World Bank