
Flydubai တွဲဖက်လေယာဉ်မှူးသည် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်း ယူအေအီး စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဒူဘိုင်းမှ အစ္စရေးသို့ ပျံသန်းသည့် Flydubai ပေါ်တွင် တွဲဖက်လေယာဉ်မှူးက အဓိကလေယာဉ်မှူးကို တိုက်ခိုက်ရန် လေယာဉ်မှူးအခန်းအတွင်းရှိ အရေးပေါ် ပုဆိန်ကို အသုံးပြုခဲ့ကြောင်း ယူအေအီး စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုနောက်ကွယ်မှ စေ့ဆော်ချက်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ တွဲဖက်လေယာဉ်မှူးဖြစ်သည့် အိုမန်နိုင်ငံသား ဟာမမ် အယ်လ် ဟာမာမီသည် အစွန်းရောက် အယူအဆများနှင့် စိုးရိမ်မှုလွန်ကဲသည့် ဖြစ်စဉ်များကြောင့် ၎င်း၏ အိုမန်နိုင်ငံ၌ လေယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခံထားရသူဖြစ်ကြောင်း သိရသည်။
တွဲဖက်လေယာဉ်မှူးသည် အကြမ်းဖက်လုပ်ရပ်တစ်ခုကို ကျူးလွန်ရန် ကြိုးပမ်းခဲ့ကြောင်း၊ လေယာဉ်မှူးအခန်းအတွင်းရှိ အရေးပေါ် ပုဆိန်ဖြင့် အဓိကလေယာဉ်မှူးကို တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကို ထိန်းချုပ်ရန် ကြိုးစားခဲ့ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များကို ကိုးကားပြီး ယူအေအီး ရှေ့နေချုပ် ဟာမက် ဆာအိဖ် အယ်လ် ရှမ်စီ၏ ပြောကြားချက်ကို WAM သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
လက်ရှိတွင် တိုက်ခိုက်မှုကျူးလွန်သည့် တွဲဖက်လေယာဉ်မှူးသည် ယူအေအီးတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
Ref: AFP