Eleven Media Group

■ အမေရိကန်တွင် ဆေးထိုးပြီး သေဒဏ်နှစ်ကြိမ် ပေးသော်လည်း မသေသည့် အမျိုးသမီး လူသတ်တရားခံ ခရစ်စတာပိုက် သတိလစ်မေ့မြောကာ အသက်ရှူစက် တပ်ထားရ

အမေရိကန်တွင် ဆေးထိုးပြီး သေဒဏ်နှစ်ကြိမ် ပေးသော်လည်း မသေသည့် အမျိုးသမီး လူသတ်တရားခံ ခရစ်စတာပိုက် သတိလစ်မေ့မြောကာ အသက်ရှူစက် တပ်ထားရဟု ၎င်း၏ရှေ့နေများက တရားရုံးသို့ တင်ပြသည့် အမှုတွဲတွင် ဖော်ပြထားသည်။

​အသက် ၅၀ နှစ်အရွယ် ပိုက်အား စက်တင်ဘာ ၃၀ ရက်နေ့က Pentobarbital သေဒဏ်ဆေး နှစ်ကြိမ်ထိုးနှံခဲ့သော်လည်း အသက်မသေသဖြင့် ၎င်းကိုဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

​လက်ရှိတွင် ပိုက်သည် စိုးရိမ်ရသည့် အခြေအနေဖြင့် နက်ရှ်ဗီးလ်ဒေသတွင်း ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

​၁၉၉၆ ခုနှစ်က ကောလင်းစလမ်းမားအား သတ်ဖြတ်မှုဖြင့် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်း ခံရ‌သောပိုက်၏ ရှေ့နေများသည် ယခုကဲ့သို့ သေဒဏ်စီရင်မှု အောင်မြင်မှုမရဖြစ်ခဲ့ပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုလျက်ရှိသည်။

​ထို့အပြင် မအောင်မြင်ခဲ့သည့် သေဒဏ်စီရင်မှုနှင့် ပတ်သက်သည့် သက်သေအထောက် အထားအားလုံးကို စနစ်တကျ ထိန်းသိမ်းထားရှိရန်အတွက် ရှေ့နေများက အောက်တိုဘာ ၂ ရက်တွင် အရေးပေါ် အမှုတွဲ တင်သွင်းခဲ့သည်။

​ဆေးရုံဝန်ထမ်းများသည် ပိုက်၏အသက်ကို ကယ်တင်ရန်နှင့် ၎င်း၏ခန္ဓာကိုယ်အတွင်း ရောက်ရှိနေသည့် ပန်တိုဘာဘီတယ် အဆိပ်ဆေးများကို ဖယ်ရှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းအမှုတွဲတွင် ဖော်ပြထားသည်။

​သေဒဏ်စီရင်ရန် ကြိုးပမ်းစဉ်အတွင်း ထောင်အာဏာပိုင်များသည် ပိုက်အား အကြောဆေးပိုက် တပ်ဆင်နိုင်ရန် အနည်းဆုံး အပ်ခုနစ်ချောင်းဖြင့် ကြိုးစားခဲ့ကြကြောင်း ရှေ့နေများက ပြောကြားသည်။

​ထို့အပြင် အပ်စိုက်ရခက်ခဲချိန်တွင် ပိုက်ကိုယ်တိုင် အပ်စိုက်နိုင်မည့် နေရာကို အကြံပြုပြောကြားခဲ့ရသည်ဟု ဆိုသည်။

​"အပ်တစ်ချောင်းဆိုရင် ဖြုတ်ယူလိုက်တဲ့အချိန်မှာ ၉၀ ဒီဂရီလောက် ကွေးကောက်သွားတာကို တွေ့ရပါတယ်" ဟု အမှုတွဲတွင် ဖော်ပြထားသည်။
​အဆိပ်ဆေး နှစ်ကြိမ် ထိုးနှံခြင်းခံရစဉ်အတွင်း "လုပ်ငန်းစဉ်တစ်ခုလုံး၌ ၎င်း၏ ငိုကြွေးသံ၊ ညည်းတွားသံနှင့် အသက်ပြင်းပြင်းရှူသံများကို ကြားနေခဲ့ရသည်" ဟု ရှေ့နေများက ပြောကြားခဲ့သည်။

​ဖြစ်စဉ်နှင့် ပတ်သက်၍ တင်နက်ဆီပြည်နယ် အုပ်ချုပ်ရေးမှူး ဘီးလ်လီက သေဒဏ်စီရင်မှု လွဲချော်ခဲ့ရခြင်းအတွက်လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားလိုက်ပြီး ယခုနှစ်အတွင်း ပြည်နယ်တွင်း ပြုလုပ်မည့် သေဒဏ်စီရင်မှု အားလုံးကို ဆိုင်းငံ့လိုက်သည်။

Ref:BBC

မူရင်းသတင်း — Eleven Media Group