Eleven Media Group

■ Flydubai လေယာဉ်ပေါ်တွင် ဓားဖြင့်တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဉ်မှူး၏ လူမှုမီဒီယာပေါ်တွင် အကြမ်းဖက်သမားများ၏ ဓာတ်ပုံများ တွေ့ရှိ


Flydubai လေယာဉ်ပေါ်တွင် ဓားဖြင့်တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဉ်မှူး၏ လူမှုမီဒီယာပေါ်တွင် အကြမ်းဖက်သမားများ၏ ဓာတ်ပုံများကို တွေ့ရှိခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၃၀ ရက်က ဒူဘိုင်းမှ အစ္စရေးသို့ ပျံသန်းလာသည့် Flydubai လေ‌ကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ပေါ်တွင် အဓိကလေယာဉ်မှူးကို ဓားဖြင့်တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဉ်မှူးသည် အစွန်းရောက် အယူအဆများနှင့် စိုးရိမ်မှုလွန်ကဲသည့် ဖြစ်စဉ်များကြောင့် ပြီးခဲ့သည့်နှစ်က အိုမန်နိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းမှ ထုတ်ပယ်ခံခဲ့ရကြောင်း အဆိုပါအကြောင်းအရာကို သိရှိသည့် သတင်းရင်းမြစ်နှစ်ခုက CNN ကို ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်မှူး၏ အမည်မှာ ဟာမမ် အယ်လ် ဟာမာမီ ဖြစ်ပြီး အိုမန်နိုင်ငံသားဖြစ်ကြောင်း သတင်းရင်းမြစ်နှစ်ခုနှင့် အစ္စရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆော်ဒီအစိုးရပိုင် မီဒီယာကလည်း အယ်လ် ဟာမာမီ၏ အထောက်အထားကို အတည်ပြုဖော်ပြခဲ့သည်။

၎င်း၏ဖခင်မှာ အိုမန်နိုင်ငံသားဖြစ်ပြီး မိခင်မှာ ဆီးရီးယားနိုင်ငံသူဖြစ်ကာ ၄င်းကို ယူအေအီးနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ယူအေအီးတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဖြည့်စွက်ပြောကြားခဲ့သည်။

၎င်းသည် Hamam al-Hammami အမည်ဖြင့် LinkedIn အကောင့်တစ်ခုဖွင့်ထားပြီး ထိုအကောင့်တွင် Oman Air လေကြောင်းလိုင်း၌ ခုနစ်နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ခွာခဲ့ကြောင်း၊ ထို့နောက် ၂၀၂၅ ခုနှစ် ဇွန်လတွင် Royal Air Maroc လေကြောင်းလိုင်းသို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထပ်မံထွက်ခွာခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအကောင့်တွင် Flydubai လေကြောင်းလိုင်းနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ LinkedIn အကောင့်မှာ စက်တင်ဘာ ၃၀ ရက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သည့် Flydubai လေယာဉ်မှူး၏ အကောင့်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက အတည်ပြုခဲ့သည်။

လက်ရှိတွင် ထိုအကောင့်မှာ ဖျက်သိမ်းခံထားရပြီး CNN က LinkedIn သို့ ဆက်သွယ်မေးမြန်းထားသည်။

သံသယရှိသူသည် အစွန်းရောက်အယူအဆများနှင့် စိုးရိမ်မှုလွန်ကဲသည့် ဖြစ်စဉ်များကြောင့် လေယာဉ်ပျံသန်းမှု လေ့ကျင့်ရေး သင်တန်းမှ ဖယ်ရှားခံခဲ့ရပြီး အိုမန် အမျိုးသားလေကြောင်းလိုင်း၏ အခြားရာထူးနေရာတစ်ခုသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း အရှေ့အလယ်ပိုင်းဒေသမှ သံတမန်တစ်ဦးဖြစ်သည့် ဒုတိယမြောက် သတင်းရင်းမြစ်က CNN ကို ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် ‌နေတန်ယာဟုက သံသယရှိသူသည် အစ္စလာမ်မစ် အစွန်းရောက် ဝါဒမှိုင်းတိုက်ခံထားရသည်ဟု ယူဆရကြောင်း အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေး အရာရှိတစ်ဦးက အယ်လ် ဟာမာမီသည် Flydubai တွင် ရှစ်လခန့်မျှသာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း CNN ကို ပြောကြားခဲ့သည်။

စတုတ္ထမြောက် သတင်းရင်းမြစ်တစ်ခုကလည်း သံသယရှိသူသည် ယခင်က Royal Air Maroc လေကြောင်းလိုင်းတွင် လုပ်ကိုင်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

ယခု ဖော်ထုတ်တွေ့ရှိချက်များသည် လေကြောင်းလိုင်းများအနေဖြင့် လူသစ်များခန့်အပ်ရာတွင် နောက်ကြောင်းရာဇဝင် စိစစ်ရေး၏ အရေးပါမှုကို ပိုမိုမေးခွန်းထုတ်စရာဖြစ်လာစေမည်ဖြစ်သည်။

CNN သည် Oman Air လေကြောင်းလိုင်း ၊ Royal Air Maroc လေကြောင်းလိုင်းနှင့် ဒူဘိုင်းအစိုးရ၏ မီဒီယာရုံးတို့ထံ ဆက်သွယ်မေးမြန်းထားသည်။

ဖြစ်စဉ်အား လက်ရှိစုံစမ်းစစ်ဆေးနေဆဲ ဖြစ်သောကြောင့် မည်သည့် မှတ်ချက်မျှ ပေးနိုင်ခြင်းမရှိသေးကြောင်း Flydubai လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

အဆိုပါ LinkedIn အကောင့်တွင် ပို့စ် နှစ်ခုသာ တင်ခဲ့ခြင်းဖြစ်ပြီး ထိုနှစ်ခုစလုံးကို တိုက်ခိုက်မှုဖြစ်ပွားပြီး ကိုးနာရီခန့်အကြာ အောက်တိုဘာ ၁ ရက်တွင် မရှေးမနှောင်း တင်ခဲ့ခြင်းဖြစ်သည်။
ထိုပို့စ်များကို မည်သူက တင်ခဲ့သည်ဆိုခြင်းနှင့် ကြိုတင် အချိန်ဇယားဆွဲပြီး တင်ခိုင်းထားခြင်း ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပထမ ပို့စ်တွင် Boeing 737 Max လေယာဉ်၏ လေယာဉ်မှူးခန်းအတွင်း ရိုက်ကူးထားသော ဗီဒီယိုအတိုအစများ ပါဝင်သည်။

စက်တင်ဘာ ၃၀ ရက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ဆော်ဒီအာရေဗျသို့ လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရသည့် လေယာဉ်မှာလည်း Flydubai ၏ 737 Max 8 လေယာဉ်ဖြစ်သည်။

ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း တည်နေရာ အတည်ပြုနိုင်ခဲ့သည့် ဗီဒီယိုအတိုတစ်ခုတွင် ဗီဒီယိုရိုက်ကူးသူက အစ္စရေး၏ El Al လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကို အနီးကပ် Zoom ဆွဲရိုက်ကူးထားသည်ကို တွေ့ရသည်။
ဗီဒီယိုထဲတွင် လေယာဉ်မှူးခန်းအတွင်းရှိ screen ပေါ်၌ လေယာဉ်ခရီးစဉ်အမှတ် OMA624 နှင့် ရက်စွဲ - ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တို့ကို ပြသထားသည်။

ထိုခရီးစဉ်အမှတ်မှာ ပုံမှန်အားဖြင့် ဒူဘိုင်းမှ မက်စကတ်သို့ ပျံသန်းသည့် ခရီးစဉ်ဖြစ်ပြီး ရက်စွဲမှာလည်း Oman Air လေကြောင်းလိုင်းတွင် ၎င်းလုပ်ကိုင်ခဲ့သော အချိန်ကာလနှင့် ကိုက်ညီနေသည်။

ဗီဒီယို၏ အခြားအပိုင်းများတွင် El Al လေကြောင်းလိုင်း၏ အခြားလေယာဉ်များအပြင် အစ္စရေး၏ အခြားလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Arkia လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကိုပါ ပြသထားသည်။

အဆိုပါ ဗီဒီယိုကို အိုစမာ ဘင်လာဒင် သေဆုံးပြီးနောက် အယ်လ်ကေဒါအဖွဲ့ကို ဦးဆောင်ခဲ့သည့် အေမန် အယ်လ် ဇာဝါဟီရီ၏ ဓာတ်ပုံနှင့် ၂၀၀၉ ခုနှစ်က CIA အရာရှိများနှင့် ကန်ထရိုက်တာ ၇ ဦး အပါအဝင် လူ ၉ ဦးကို အသေခံဗုံးခွဲ သတ်ဖြတ်ခဲ့သည့် အယ်လ်ကေဒါ သစ္စာခံ ဟူမန် ခါလစ် အဘူ မူလယ် အယ်လ် ဘာလာဝီ၏ ဓာတ်ပုံများဖြင့် အဆုံးသတ်ထားသည်။

ဒုတိယပို့စ်တွင်မူ မက္ကာ၊ မဒီနာနှင့် ဂျေရုဆလင်မြို့များရှိ အစ္စလာမ်ဘာသာ၏ အထွတ်အမြတ်ထားရာ နေရာသုံးခုကို လမ်းကြောင်းတစ်ခုဖြင့် ချိတ်ဆက်ထားသည့် AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံတစ်ပုံ ပါဝင်သည်။ ထိုပုံ၏ နောက်ခံတွင် ရွတ်ဆိုထားသည့် ကဗျာတစ်ပုဒ်တွင် အရှက်ရမှုကို ငြင်းပယ်ခြင်း၊ သေခြင်းကို မကြောက်ရွံ့ခြင်းနှင့် မိမိတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ခြင်းတို့အကြောင်းကို ပြောဆိုထားသည်။

အယ်လ် ဟာမာမီ၏ LinkedIn အကောင့်တွင် သူသည် အင်္ဂလန်နိုင်ငံရှိ Buckinghamshire New University တွင် ပညာသင်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

အယ်လ် ဟာမာမီ အမည်ရှိ လူတစ်ဦးသည် အဝေးသင်စနစ်ဖြင့် သုံးနှစ်ဆက်တိုက် တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် လေကြောင်းစီမံခန့်ခွဲမှုဘွဲ့ဖြင့် အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တက္ကသိုလ်မှ သတင်းရင်းမြစ်တစ်ခုက CNN ကို အတည်ပြုပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ၏ တင်းကျပ်လှသော လေကြောင်းလိုင်း လုံခြုံရေး စည်းမျဉ်းများ ရှိနေသော်လည်း အစ္စရေးကို အသိအမှတ်မပြုသည့် အိုမန်နိုင်ငံသားတစ်ဦးအနေဖြင့် တဲလ်အဗစ်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည့် အချက်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများ မြင့်တက်လာသည်။

အိုမန်လေယာဉ်မှူးဖြစ်သည့် အယ်လ် ဟာမာမီသည် လေယာဉ်အဖွဲ့သားများစာရင်းတွင် မည်သို့ပါဝင်လာခဲ့သည်ကို အစ္စရေးထောက်လှမ်းရေးအေဂျင်စီများဖြစ်သည့် ရှင်းဘက်၊ မော့ဆက်၊ စစ်တပ်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတို့ အပါအဝင် အစ္စရေးအေဂျင်စီအချို့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အစ္စရေးအရာရှိတစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် CNN ကို ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အကြမ်းဖက်လုပ်ရပ်တစ်ခုနှင့် ဆက်စပ်မှု ရှိ/မရှိနှင့် ကြိုတင် စီစဉ်မှု သို့မဟုတ် ညွှန်ကြားခိုင်းစေမှု တစ်စုံတစ်ရာ ပါဝင်ပတ်သက်နေခြင်း ရှိ၊ မရှိကို ယူအေအီး ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးနေကြောင်း ယူအေအီး နိုင်ငံပိုင် WAM သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထိုလေယာဉ်သည် ယူအေအီးနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး နိုင်ငံ၏ နယ်မြေပြင်ပတွင် အမှုအခင်းဖြစ်ပွားခဲ့သည့်တိုင် ထိုလေယာဉ်ပေါ်တွင် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး ယူအေအီးဥပဒေတွင် အကျုံးဝင်သဖြင့် ယခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ယူအေအီးအာဏာပိုင်များတွင် တရားစီရင်ပိုင်ခွင့် ရှိကြောင်း WAM က ဖော်ပြခဲ့သည်။

လေယာဉ်ကို လမ်းကြောင်းလွှဲဆင်းသက်ခဲ့သည့် ဆော်ဒီအာရေဗျတွင် သံသယရှိသူကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးနိုင်ငံကလည်း ယင်းစုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။

"ကျွန်တော်ဟာ ယူအေအီးနိုင်ငံ သမ္မတ ရှိတ် မိုဟာမက် ဘင် ဇာယက်နဲ့ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပြီး၊ စစ်ဆေးမေးမြန်းမှုတွေမှာ အစ္စရေးဘက်က ပါဝင်ဆောင်ရွက်ဖို့ကို သူက သဘောတူခဲ့ပါတယ်" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

Ref: CNN

မူရင်းသတင်း — Eleven Media Group