








ရန်ကုန်၊ အောက်တိုဘာ ၅
3MA 11 ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲကြီးကို အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အုန်းနှဲကုန်းရှိ 3MA Arena တွင် ကျင်းပခဲ့သည်။
အဆိုပါ MMA ပြိုင်ပွဲကြီး၏ ပထမ ခေါင်ပွဲစဉ်ဖြစ်သည့် ၅၆ ကီလိုတန်းတွင် မြစ်ကြီးနားမှ MMA ဖိုက်တာ ဇော်ဒူလာမရှီနှင့်ကရင်ပြည်နယ်မှ ရိုးရာလက်ဝှေ့ဖိုက်တာ လာဂဘောက်ထူးတို့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ပထမအချီတွင် ဇော်ဒူလာမရှီက ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယခေါင်ပွဲစဉ်ဖြစ်သော ၅၇ ကီလိုတန်းတွင် ထိုင်းနိုင်ငံ၏ MMA ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဆလိုင်းဂျွန်မွှာ့ခ်က တောင်ဒဂုံမှ MMA ဖိုက်တာ မင်းမြတ်သူကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူသွားခဲ့သည်။
ဆက်လက်၍ ၅၇ ကီလိုတန်းတွင် လီဆူးတိုင်းရင်းသား MMA ဖိုက်တာတိုးလုံးက မြတ်မင်းသူ (ဧရာဝတီ)ကို ချုပ်ကွက်ဖြင့်လည်းကောင်း၊ ၅၂ ကီလိုတန်းတွင် မင်းခေါင်ကျော်ထင် (မြောက် ဥက္ကလာ) က တောင်တွင်းကြီးမှ MMA ဖိုက်တာ ကျားလေးကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
ထို့ပြင် ၆၂ ကီလိုတန်းတွင် ပအိုဝ်းတိုင်းရင်းသား MMA ဖိုက်တာ ခွန်စိုးမိုးနိုင်က ဝေယံရှိုင်း(သထုံ) ကို ပထမအချီတွင် ချုပ်ကွက်ဖြင့်လည်းကောင်း၊ ၅၂ ကီလိုတန်းတွင် တိုးတက်(မြေပုံ)က သွေးထက်အောင်(ကရင်)ကို ပထမအချီတွင် ချုပ်ကွက်ဖြင့်လည်းကောင်း၊ ၅၅ ကီလိုတန်းတွင် ချင်းဖိုက်တာ အော်ဂတ်စတင်းဗန်က ရိုးရာလက်ဝှေ့ဖိုက်တာ ဝဏ္ဏကျော်(ကရင်)ကို ပထမအချီတွင် ဒိုင်ပွဲရပ်ဖြင့် လည်းကောင်း၊ ၇၅ ကီလိုတန်းတွင် MMA ဖိုက်တာ စတီးလ်ရှူး (တာချီလိတ်)က တွံတေး MMA ဖိုက်တာ ဝင်းဇော်ကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
နေမျိုး
ဓာတ်ပုံ-3MA
#News #Myanmar