
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၄ ရက်တွင် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) က ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာဗိုင်းမြို့တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် ဝမ်ရင် ဟယ်သာကျန်းသည် တရုတ်နိုင်ငံအတွက် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော အေးဂျင့်တစ်ဦးအဖြစ် ဆောင်ရွက်မှု၊ တရုတ် (တိုင်ပေ) သမ္မတ၏ သားဖြစ်သူနှင့် မိသားစုအား နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည်။
ကျန်းသည် ၂၀၂၅ ခုနှစ်တွင် ဆီယက်တယ်မြို့သို့ သွားရောက်ခဲ့ပြီးနောက် တရုတ် (တိုင်ပေ) အစိုးရ တာဝန်ရှိသူတစ်ဦးနှင့် နီးစပ်သော ဆွေမျိုးတစ်ဦးကို နောက်ယောင်ခံ စုံစမ်းထောက်လှမ်းခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
FBI ၏ လူမှုကွန်ရက် စာမျက်နှာဖော်ပြချက်တွင်မူ ကျန်းသည် တရုတ် (တိုင်ပေ) သမ္မတ လိုင်ချင်တယ်၏ သားဖြစ်သူနှင့် မိသားစုကို နောက်ယောင်ခံ စုံစမ်းထောက်လှမ်းနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကျန်းတွင် ရှေ့နေရှိ၊ မရှိ သေချာမသိရသေးပေ။ CNN သတင်းဌာနသည် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် FBI၊ တရားရေးဌာနနှင့် တရုတ်သံရုံးတို့ထံ ဆက်သွယ်မေးမြန်းထားသည်။
တရုတ်နိုင်ငံသည် လက်ရှိတွင် သီတင်းတစ်ပတ်ကြာမြင့်သည့် အမျိုးသားနေ့ အားလပ်ရက်ကို ကျင်းပနေဆဲ ဖြစ်ပြီး ထိုကာလအတွင်း အစိုးရရုံးများ ပိတ်ထားသည်။
Ref: CNN , Photos-Reuters