Eleven Media Group

■ ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူး ပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း MSF သတိပေး

ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူးပြည်နယ်တွင် အီဘိုလာရောဂါကူးစက်မှုများ မြင့်တက်လာကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့ပြီး ကုသရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သောနှစ် ၅၀ အတွင်း အာဖရိကတိုက်၌ လူပေါင်း ၁၅၀၀၀ ကျော် သေဆုံးစေခဲ့ပြီး အလွန်ဆိုးရွားပြင်းထန်သည့် ၁၇ ကြိမ်မြောက် အီဘိုလာ ရောဂါဖြစ်ပွားမှုကို ဒီအာကွန်ဂိုနိုင်ငံက မေလအလယ်ပိုင်းက ကြေညာခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်သူများက ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါသည် ကူးစက်မှုဖြစ်ပွားကြောင်း မကြေညာမီ သီတင်းပတ်အနည်းငယ်အလိုကတည်းက စတင်ကူးစက်ဖြစ်ပွားနေခြင်းဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

အောက်တိုဘာ ၂ ရက်နေ့အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ ကာကွယ်ဆေး သို့မဟုတ် တိကျသေချာသော ကုသဆေး မရှိသေးသည့် Bundibugyo ဗိုင်းရပ်စ်မျိုးစိတ် ပေါ်ပေါက်လာချိန်မှစပြီး ရောဂါဖြစ်ပွားသူ ၈၄၆၃ ဦး ရှိခဲ့ပြီး သေဆုံးသူ ၄၀၈၂ ဦး ရှိပြီဖြစ်သည်။

အီဘိုလာရောဂါသည် အရှေ့မြောက်ပိုင်း အီတူရီပြည်နယ်မှ စတင်ခဲ့ပြီး နိုင်ငံအတွင်းရှိ ပြည်နယ်ခုနစ်ခုအထိ ပျံ့နှံ့သွားခဲ့သည်။

အီတူရီ၊ မြောက်ကီဗူးနှင့် အရှေ့မြောက်ပိုင်း၊ ဟော့အိုအဲလီပြည်နယ်တို့တွင်လည်း ရောဂါဖြစ်ပွားမှု အများစု ရှိနေသည်။

မြောက်ကီဗူးပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှုမှာ စက်တင်ဘာ အစောပိုင်းကတည်းက သိသိသာသာ ပြင်းထန်လာခဲ့ပြီး၊ လက်ရှိတွင် နိုင်ငံဝန်ထမ်း အတည်ပြုလူနာသစ်အားလုံး၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် အဆိုပါပြည်နယ်မှဖြစ်သည်ဟု MSF က ပြောကြားခဲ့သည်။

“ဒါဟာ အင်မတန်ကြီးမားတဲ့ တောမီးကြီးတစ်ခုကို ငြှိမ်းသတ်နေရတာနဲ့ တူပါတယ်” ဟု ယူဂန်ဒါနိုင်ငံနယ်စပ်အနီး မြောက်ကီဗူးပြည်နယ်ရှိ ဘူတမ်ဘိုရှိ MSF ၏ အိုဘီလာ ကုသရေးစင်တာမှ ညှိနှိုင်းရေးမှူး စတက်ဖန်ဟော့ဖ်မန်းက ပြောကြားခဲ့သည်။

“အပတ်တိုင်းမှာ ရောဂါဖြစ်ပွားတဲ့ နေရာသစ်တွေ ထွက်ပေါ်လာနေပြီး ကုသရေးဆိုင်ရာ စွမ်းဆောင်ရည်တွေဟာ မလုံလောက်သေးပါဘူး။ ဒီအခြေအနေဟာ လက်ရှိဝေဒနာရှင်တွေနဲ့ ဒေသခံ လူထုတစ်ရပ်လုံးကို ပိုကြီးမားတဲ့ အန္တရာယ်ဆိုးဆီ ရောက်ရှိစေပါတယ်” ဟု MSF က ပြောကြားခဲ့သည်။

မြောက်ကီဗူးပြည်နယ်တွင် အဆိုပါ ကူးစက်ဖျား အီဘိုလာဗိုင်းရပ်စ်ရောဂါကို ကုသပေးနိုင်သည့် စွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိလာခဲ့သည်ဟု MSF က ပြောကြားခဲ့သည်။ ထို့ပြင် ကုသရေးစင်တာများအပေါ် သံသယဝင်နေကြသည့် ဒေသခံ လူထုနှင့် ယုံကြည်မှု တည်ဆောက်ရန်လည်း အလွန်အရေးကြီးကြောင်း ဟော့ဖ်မန်းက ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group