
အီရန်နှင့် ဆက်နွှယ်သည့် ခြိမ်းခြောက်မှုတစ်ခုကြောင့် ဗြိတိန်လေတပ်စခန်းမှ အမေရိကန် B-1 ဗုံးကြဲလေယာဉ်များကို ရွှေ့ပြောင်းခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဗုံးကြဲလေယာဉ်များကို ဗြိတိန်၏ RAF Fairford စခန်းတွင် တပ်စွဲထားခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက အီရန်ပေါ် အမေရိကန်၏ တိုက်ခိုက်မှုများအတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့များက အဆိုပါ လေတပ်စခန်းသည် တရားဝင်ပစ်မှတ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မကြာသေးမီက အဆိုပါ လေတပ်စခန်းအနီးတွင် အကြမ်းဖက်မှုများပြုလုပ်ရန် ပြင်ဆင်နေသည်ဆိုသည့် သံသယဖြင့် ဗြိတိန် အမျိုးသားငါးဦးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
“ကျွန်တော်တို့ဆီမှာ ခြိမ်းခြောက်မှုတစ်ခု ရှိနိုင်တယ်ဆိုတဲ့ သတင်းရရှိခဲ့တာကြောင့် အဲဒီလေယာဉ်တွေကို ဘာလို့ ဆက်ထားရတော့မှာလဲ။ ရွှေ့ပြောင်းရတာ ကုန်ကျစရိတ်လည်း အရမ်းနည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခြိမ်းခြောက်ခံရပြီဆိုရင် နေရာရွှေ့လိုက်ရုံပါပဲ။ အဲဒါက ဒီပြဿနာကို ဖြေရှင်းသွားစေပါတယ်။ ပြီးတော့ ခြိမ်းခြောက်မှုလုပ်ခဲ့တဲ့ လူတွေကိုလည်း ကျွန်တော်တို့ တကယ်သိပါတယ်” ဟု ထရန့်က အောက်တိုဘာ ၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ ခြိမ်းခြောက်မှုများသည် အီရန်နှင့် ဆက်နွှယ်နေခြင်း ရှိ၊ မရှိ မေးမြန်းချိန်တွင် ထရန့်က “သူတို့ဟာ အီရန်နဲ့ ဆက်နွှယ်နေမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနေ့ အစောပိုင်းတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အမေရိကန်အနေဖြင့် ဗုံးကြဲလေယာဉ်များကို ဘေးကင်းလုံခြုံရေးအတွက် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အီရန်တွေဟာ အမေရိကန်နဲ့ အခြားနိုင်ငံတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ အီရန်နိုင်ငံရဲ့ နှစ်ပေါင်း ၄၅ နှစ်ကြာ လုပ်ဆောင်ချက်အတိုင်း ဆက်လုပ်ဖို့ ကြိုးစားနေတယ် ဆိုတာကို ကျွန်တော်တို့အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုရှိရှိ ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အလွန် သတိထားနေတာဖြစ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော် ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဗန့်စ် က သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဗီယိုက ဗုံးကြဲလေယာဉ်များကို ရုတ်တရက် ရွှေ့ပြောင်းလိုက်ခြင်းနှင့် အီရန်၏ ကြံစည်မှုဟု သံသယရှိရသည့် ကိစ္စတို့အကြား တိုက်ရိုက်ဆက်နွှယ်မှု မရှိကြောင်း ပြောကြားခဲ့သည်။ ပင်တဂွန်အနေဖြင့် လိုအပ်သည့်နေရာများသို့ အရင်းအမြစ်များကို နေရာချထားလျက် ရှိသည်ဟု ၎င်းကဆိုသည်။
အီရန်သည် ဗြိတိန်နိုင်ငံအတွင်းရှိ အမေရိကန်၏ ပိုင်ဆိုင်မှုများအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် တည်ရှိနေဆဲဖြစ်သည်ဟု ယူဆထားကြောင်း ပြောကြားခဲ့သည်။
Ref: AFP