
ပြင်ဦးလွင်မြို့ရှိ POWER ထီဆိုင်ကြီးတွင် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် ဆုငွေလိမ်လည်ထုတ်ယူမှုဖြစ်ပွားကြောင်း အဆိုပါထီဆိုင်မှ သိရသည်။
ပြင်ဦးလွင်မြို့ သီရိပဒေသာကားကြီးကွင်းအနီးရှိ POWER ထီဆိုင်ကြီး(ပြင်ဦးလွင်)သို့ အမျိုးသမီးတစ်ဦးက အောက်တိုဘာ ၁ ရက်ထွက်ရှိသည့် (၉၁) ကြိမ်မြောက် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် လာရောက်လိမ်လည်ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီခန့်တွင် ယင်းအမျိုးသမီးက ထီလက်မှတ်အတုဖြင့် ဆုငွေလာရောက်ထုတ်ယူရာ၌ ထီဆိုင်မှ ထီလက်မှတ်ကို သေချာစစ်ဆေးကာ ဖုန်းနံပါတ်၊ မှတ်ပုံတင်မိတ္တူနှင့် မှတ်တမ်းဓာတ်ပုံရိုက်တာ ဆုငွေထုတ်ပေးလိုက်ကြောင်း၊ ယင်းနောက် အခြားထီဆိုင်မှ ၁၀ သိန်းဆုများ လိမ်လည်ထုတ်ယူသူများရှိကြောင်း အကြောင်းကြားရာမှ ထီလက်မှတ်အား ထပ်မံစစ်ဆေးကြည့်ရာ အဆင့်မြင့်အတုဖြစ်နေကြေင်း သိရသည်ဟု အဆိုပါထီဆိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထီဆိုင်မှ ပြင်ဦးလွင် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။