
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား လာမည့် (သီတင်းကျွတ်လပြည့်နေ့) ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ ပြန်လည်ရွေးချယ်သွားနိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်းထားကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်တွင် မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ကျိုက်ထိုမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး မှ မေးမြန်းခဲ့သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်များ ဖွဲ့စည်းပုံအင်အားပြည့် ဖြည့်စွက်ဖွဲ့စည်းရန် သို့မဟုတ် အသစ်ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုသော မေးခွန်းအား သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုမှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြန်လည်ဖြေကြားပေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဖွင့်ပွဲမတိုင်ခင် ဂေါပကအဖွဲ့အား ပြန်လည်ဖွဲ့စည်းသွားနိုင်ရေးနှင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့အသစ် ပြန်လည်စိစစ်ရွေးချယ်နိုင်ရေးအတွက် (၂၀၂၆) ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့က ကြီးကြပ်ရေးအဖွဲ့ဝင် (၉) ဦးအနက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးမှ ဥက္ကဌအဖြစ်လည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုမှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒုဥက္ကဌအဖြစ်လည်းကောင်း၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ အတွင်းအရေးမှူးအဖြစ်လည်းကောင်း၊ မွန်ပြည်နယ် သာသနာရေးမှူးမှ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ဝန်ကြီး ဦးဇေယျာဦးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် ဂေါပကအဖွဲ့ဝင် (၁၅) အားရွေးချယ်နိုင်ရေးအတွက် စည်းမျည်းသတ်မှတ်ချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးဇေယျာဦးက ဆက်လက်ပြောကြားသည်။
လက်ရှိ ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား (၂၀၁၉) ခုနှစ်ကတည်းက ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ကြောင်း၊ ဂေါပကအဖွဲ့၏ ဖွဲ့စည်းပုံ စည်းမျဉ်းများအရ သက်တမ်း (၅) နှစ်ကိုကျော်လွန်နေပြီး၊ ဂေါပကအဖွဲ့ဝင်များမှာလည်း အကြောင်းအမျိုးမျိုးကြောင့်အနားယူနုတ်ထွက်သွားခဲ့ကြသည့်အတွက်ကြောင့် မူလအဖွဲ့ဝင်အင်အား (၁၅) ဦးမှ ယခုအခါ (၁၀) ဦးသာကျန်ရှိတော့သည်ဟု သိရကြောင်း မေးခွန်းရှင် မင်းအောင်ထူးက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ (၂၀၂၅ - ၂၀၂၆) ခုနှစ်ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ၁ ဒသမ ၄ သန်းကျော်လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။