
■ အာဆီယံတွင် စီးပွားရေးအောင်မြင်နေသည့် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့တွင်သာ တက္ကသိုလ်ပညာသင်စရိတ်ချေးငွေစနစ် အကောင်အထည်ဖော်နေပြီး မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ ယင်းအစီအစဉ် မရှိသေးဟု ပညာရေးဝန်ကြီးဌာန ပြော
■ နိုင်ငံချမ်းသာမှ ယင်းအစီအစဉ်များ လုပ်ဆောင်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်အားလုံး အိမ်ပြန်အိပ်နေရမည့်သဘောရှိဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
ဆင်းရဲနွမ်းပါး၍ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားရန် အခက်အခဲရှိသော ကျောင်းသားလူငယ်များအား တက္ကသိုလ်ပညာသင်စရိတ် ချေးငွေထုတ်ချေးပေးရန် အစီအစဉ်ရှိ မရှိ ယနေ့ (အောက်တိုဘာ ၇ ရက်) ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက မေးမြန်းသည်။
နိုင်ငံတော်သမ္မတက အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားခဲ့သည့်အတွက် အထူးအားရကျေနပ် ကျေးဇူးတင်ရှိကြောင်း၊၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၂၅၅,၂၂၈ ဦးနှင့် အောင်မြင်သူ ၁၃၃,၆၇၃ ဦးဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပြောကြားသည်။
ထိုသို့ အောင်မြင်သူများထဲတွင် မိဘက ငွေကြေးတတ်နိုင်သူများလည်း ပါနိုင်သကဲ့သို့ မိဘက နွမ်းပါးပြီး သားသမီးများကို ပညာတတ်စေချင်လွန်းသဖြင့် ချိုးခြံချွေတာ ဒုက္ခခံ ကျောင်းထားပေးခဲ့သည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများလည်း များစွာရှိနေလိမ့်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပြောကြားသည်။
"ဒီကနေ့ ကျွန်တော်တို့တိုင်းပြည်မှာ စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေကြရတာက တစ်ဖက်၊ သားသမီးတွေရဲ့ ပညာရေးအတွက် ပူပန်သောကပွား ရှာဖွေနေကြရတာက တစ်ဖက်၊ မိဘပြည်သူတွေမှာလည်း ဒီလိုအခြေအနေတွေရှိနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်ကသာ ဒီလိုချို့တဲ့စွာ ပညာသင်ကြားပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်လာတဲ့ ကျောင်းသားလူငယ်များအတွက် သူတို့လိုအပ်ရင်၊ သူတို့လိုအပ်ရင် တက္ကသိုလ်ပညာသင်စရိတ်ချေးငွေ (Student Loan) ထုတ်ချေးပေးတဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါက ငွေကြေးကျပ်တည်းနေကြတဲ့ ကျောင်းသားမိဘတွေရော၊ တော်ပါ၊ ထက်ပါ အရည်အချင်းရှိပါလျက် မိဘက တက္ကသိုလ်ဆက်မထားနိုင်လို့ ပညာတစ်ပိုင်းတစ်စနဲ့ ရပ်ပြီး အခြားနိုင်ငံတွေမှာ သွားအလုပ်လုပ်ကြမယ်ဆိုတဲ့ လူငယ်တွေအတွက်ရော၊ နိုင်ငံတော်အစိုးရရဲ့ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး အစီအမံတွေအတွက်ပါ အားလုံးကောင်းမြတ်တဲ့ အကျိုးဖြစ်ထွန်းမှုတွေကို ရရှိလိမ့်မယ်လို့ ကျွန်တော်က ယုံကြည်တာဖြစ်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတဝန်းလုံးရှိ ချို့တဲ့နွမ်းပါး၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရန် အခက်အခဲရှိသော ကျောင်းသားလူငယ်များ တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် လုံလောက်သည့် တက္ကသိုလ်ပညာသင်စရိတ် ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါကလည်း မည်သည့်အချိန်၊ မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက မေးမြန်းခဲ့သည်။
ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကပညာရေးဝန်ကြီးဌာနအနေဖြင့် အမှန်တကယ် နွမ်းပါးဆင်းရဲသော မိသားစုများမှ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ထောက်ပံ့ကြေး (Stipend) များကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ကပ်လျက်ပညာသင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ပထမနှစ် နေ့သင်တန်း တက်ရောက်လျက်ရှိသော စုစုပေါင်း ကျောင်းသားဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ပထမဘွဲ့ရရှိသည်အထိ ပညာသင်နှစ် တစ်နှစ်လျှင် ၁၀ လ၊ တစ်လလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို နှစ်စဉ်ချီးမြှင့်လျက်ရှိကြောင်း ပြောကြားသည်။
တက္ကသိုလ်များတွင် "One Campus, Two Systems" စနစ်ဖြင့် နေ့သင်တန်းများအပြင် အဝေးသင် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသဖြင့် ချို့တဲ့နွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ငွေရသော အလုပ် လုပ်ကိုင်လျက် တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများကို တစ်ဖက်တစ်လမ်းမှ ဆက်လက်သင်ယူနိုင်ကြောင်း၊ ပညာရေးတက္ကသိုလ်များသို့ တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က စားသောက်စရိတ် များ ထောက်ပံ့ပေးအပ်ကာ B.Ed. ဘွဲ့ရရှိပြီးသည့်နောက် အထက်တန်းပြဆရာများအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်စေလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် B.A., B.Sc. (Education) ၄ နှစ်သင် ဘွဲ့ကြိုသင်တန်းများနှင့် ပညာရေးနှင့် သင်ကြားနည်းပညာ ဒီပလိုမာသင်တန်းများသို့ တက်ရောက်ခွင့်ရရှိသူများကို နိုင်ငံတော်က စားသောက်စရိတ် ထောက်ပံ့ကျွေးမွေးကာ ကျောင်းအိပ်ကျောင်းစား စီစဉ်ထားရှိပြီး စားသောက်ရေး၊ နေထိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးထားပြီး ၄ နှစ်သင်တန်း ပြီးဆုံးပါက မူလတန်းပြနှင့် အလယ်တန်းပြဆရာများအဖြစ် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်စေလျက်ရှိကြောင်းလည်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
ယခု ကိုယ်စားလှယ်တော် တင်ပြသည့် တက္ကသိုလ်ပညာသင်စရိတ်ချေးငွေ (Student Loans) စနစ်သည် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် အထူးချေးငွေဖြင့် ထောက်ပံ့ပေးပြီး ဘွဲ့ရရှိပြီးသည့်နောက် အလုပ်အကိုင်ရရှိပြီးချိန်တွင် ရရှိသော ဝင်ငွေပေါ်မူတည်ပြီး စနစ်တကျ ကျောင်းသားက ပြန်လည်ပေးဆပ်ရသည့် စနစ်ဖြစ်သည့်အတွက် အထူးကောင်းမွန်သော အစီအစဉ်ဖြစ်သော်လည်း အာဆီယံနိုင်ငံများတွင် စီးပွားရေးအောင်မြင်နေသည့် စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင်သာ ရေရှည်အတွက် အပြည့်အဝ အောင်မြင်စွာ စနစ်တကျ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ကျန် လေးနိုင်ငံမှာ ဆောင်ရွက်ဆဲဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ကျောင်းသားလူငယ်များ တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် လုံလောက်သည့် တက္ကသိုလ်ပညာသင်စရိတ် ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် နေ့သင်တန်း တက်ရောက်နေသော ချို့တဲ့နွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးလျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
ထိုသို့ ဖြေကြားမှုအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက "ဝန်ကြီးပြောသွားတဲ့အထဲမှာ တစ်လ ၃၀,၀၀၀ ကျပ်ဆိုတာ ကျွန်တော်တို့ ခေတ်နဲ့ လျော်ညီမှု မရှိပါဘူး။ ထို့အတူပဲ ချမ်းသာမှ ဒါတွေကို လုပ်မယ်ဆိုရင် ကျွန်တော်တို့အားလုံးဟာ အိမ်ပြန်အိပ်နေရမယ့် သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလွှတ်တော်ကြီး ကျင်းပနေတာလည်း တိုင်းပြည်ချမ်းသာနေလို့တော့ မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဒါက လုပ်ဖို့လိုအပ်တယ်၊ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ဒီလိုကျင်းပနေတာလို့ ကျွန်တော်က ယူဆပါတယ်"ဟု ဆက်စပ်မေးခွန်း မေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။
နိုင်ငံ၊ လူငယ်များနှင့် မိဘပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိမည်ဆိုပါက ပြဿနာများရှိနိုင်သော်လည်း ယင်းပြဿနာများကို မည်သို့ဖြေရှင်းမည်ဆိုသည်ကို ဆက်လက်စဉ်းစားရမည်ဖြစ်ကြောင်း၊ အကြောင်းအရာတစ်ခုလုပ်မည်ဆိုပါက ကြုံတွေ့လာနိုင်သော ပြဿနာများအာ မည်သို့ဆောင်ရွက်မည်ဆိုသည်ကို မစဉ်းစားဘဲ ပြဿနာအကြောင်းပြ၍ ရပ်တန့်လိုက်မည်ဆိုပါက နိုင်ငံသည် ယခုအတိုင်းသာဖြစ်နေဦးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
ထိုသို့ ဆက်စပ်မေးခွန်း တင်ပြမှုအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက "ဆက်စပ်မေးခွန်းအတွက် အကြံပြုတင်ပြချက်ကိုလည်းပဲ ကျွန်တော် ထောက်ခံပါတယ်။ ဒါ ရေရှည်အကျိုးကို ကျွန်တော်တို့ မျှော်ကိုးပြီးတော့မှ ကိုယ်စားလှယ်တော်ရဲ့ တင်ပြသွားတာ ဖြစ်ပါတယ်။ ဒီလို ရေရှည်အကျိုးကို မျှော်ကိုးပြီးတော့မှ တင်ပြသွားချက်အပေါ်မှာလည်းပဲ ကျွန်တော်တို့အနေနဲ့လည်းပဲ ရေရှည်မှာ ဖြစ်နိုင်ချေ ရှိ/မရှိလေးကို ကျွန်တော်တို့ ထည့်သွင်းပြီးတော့ စဉ်းစားရတာ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဖြစ်နိုင်တဲ့တစ်နေ့မှာတော့ ကျွန်တော်တို့ ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါတယ်"ဟု ပြောကြားသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပညာရေးကဏ္ဍတွင် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ပေးနိုင်မှုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ပြည်တွင်းစားသုံးမှု ဖူလုံရုံမျှမက ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သည့်အဆင့်အထိ ဆောင်ရွက်ပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်သည်နှင့်အမျှ နိုင်ငံခြားဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပညာရေးအတွက် အထောက်အပံ့ကောင်းများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။