
မြန်မာနိုင်ငံတွင်လည်း အသုံးများသည့် ပစ္စည်းတစ်ခုဖြစ်သော Pigeon တံဆိပ် ကလေးနို့ဘူးနှင့် နို့သီးခေါင်းအတုများ ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု Thai Enquirer က သတင်းဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲ့မှာ အောက်တိုဘာ ၆ ရက်က ဘန်ကောက်မြို့၊ Khlong Sam Wa ခရိုင်ရှိ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေစဉ် အတုအပပြုလုပ်ထားသော Pigeon ကုန်အမှတ်တံဆိပ်ပါ ကလေးနို့ဘူး ၄၀၀ နှင့် နို့ဘူးခေါင်း (nipples) ၇၅၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဘန်ကောက်တွင်ရှိသည့် Pigeon ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦး၏ တိုင်ကြားချက်အရ ယင်းနေရာကိုဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုင်ကြားချက်တွင် အတုအပထုတ်ကုန်များကို တင်သွင်းကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချရန်အတွက် သိုလှောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ယင်းသို့ ကုန်ပစ္စည်းအတုများ တွေ့ရှိမှုနှင့်ပတ်သက်ပြီး ကုန်အမှတ်တံဆိပ်ဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုဟု သက်ဆိုင်ရာက စွပ်စွဲထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကုမ္ပဏီဒါရိုက်တာနှင့် ပါဝင်ပတ်သက်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် စီစဉ်လျက်ရှိသည်။
အတုအပပြုလုပ်ထားသော ပုလင်းများနှင့် နို့သီးခေါင်းများတွင်ပါဝင်သည့် အရည်အသွေးမမီသော ပစ္စည်းများသည် အပူပေးလိုက်သည့်အခါ အန္တရာယ်ရှိသော ဓာတုပစ္စည်းများမှာ ကလေးငယ်များ သောက်သုံးသည့် နို့ထဲသို့ စိမ့်ဝင်စေနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။ထို့ပြင် မိဘများအနေဖြင့် အွန်လိုင်းပေါ်တွင် ပုံမှန်ဈေးနှုန်းထက် အလွန်သက်သာသော ကမ်းလှမ်းချက်များကို ရှောင်ကြဉ်ပြီး တရားဝင်အရောင်းကိုယ်စားလှယ်များ သို့မဟုတ် တရားဝင်ဆိုင်များမှသာ ဝယ်ယူကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
အဆိုပါ Pigeon အမှတ်တံဆိပ်မှာ မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး စူပါမားကတ်များနှင့် ကလေးအသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များတွင် တွေ့ရှိရသော အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်သည်။
Pigeon Corporation မှာ ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာကျော် မိခင်နှင့် ကလေးအသုံးအဆောင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်ပြီး ၁၉၅၇ ခုနှစ်ကတည်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စတင်တည်ထောင်ခဲ့သည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းများစွာကိုကလေးနို့ဘူး၊ နို့သီးခေါင်း၊ Wet Wipes (တစ်ရှူးရေစို) နှင့် ကလေးအရေပြားထိန်းသိမ်းမှု ပစ္စည်းများကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။