Eleven Media Group

■ မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုတို့ကို တစ်ပြိုင်တည်းဖြစ်လာစေသည့် ဘင်္ဂလားဒေ့ရှ်နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ

ဘင်္ဂလားဒေ့ရှ် ပြည်သူအချို့သည် နျူကလီးယားဓာတ်အားပေးစက်ရုံဘေးတွင် နေရသည်ကို စိုးရိမ်နေကြသည့်တိုင် ဘင်္ဂလားဒေ့ရှ်သည် မကြာမကြာဓာတ်အားပြတ်တောက်မှုမှ သက်သာရာရစေမည့် ပထမဆုံး နျူကလီးယားသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

၁၀ နှစ်ကျော်တည်ဆောက်ခဲ့ရသည့် ဒေါ်လာ ၁၃ ဘီလျံကုန်ကျသော ၂ ဒသမ ၄ ဂီဂါ၀ပ် Rooppur နျူကလီးယားစက်ရုံသည် တစ်ခါကခြောက်ကပ်ကပ် Rooppur ကျေးရွာကို အသွင်ပြောင်းလဲပေးခဲ့သည်။ ရုရှားအလုပ်သမားများ ရောက်လာသည်။ လုပ်ငန်းသစ်များ၊ အလုပ်သစ်များ ပေါ်လာသည်။

ပြည့်၀စွာ လည်ပတ်သည်နှင့်တစ်ပြိုင် တည်း ၎င်း၏ဓာတ်ပေါင်းဖိုနှစ်ခုက လူဦးရေ သန်း၁၇၀ နေထိုင်ရာ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၁၀ ရာခိုင် နှုန်းကျော်ကို ပံ့ပိုးပေးမည်ဟု မျှော်မှန်းထား သည်။

အစိုးရပိုင် နျူကလီးယားဓာတ်အားပေးစက်ရုံကုမ္ပဏီ ဘင်္ဂလားဒေ့ရှ်၏စီမံခန့်ခွဲမှုဒါရိုက်တာ အမ်ဒီဇာဟီဒူလ်ဟာဆန်အတွက်မူ ဧရာမဓာတ်အားပေးစက်ရုံက နိုင်ငံကို နျူကလီးယားစွမ်းအင်ဖြင့် ဓာတ်အားပေးမည့် ဆယ်စုနှစ်ချီရည်မှန်းချက်ကို ကိုယ်စားပြုနေသည်။

ပထမဓာတ်ပေါင်းဖိုက ယခုနှစ်ကုန်တွင် လည်ပတ်ရန်စီစဉ်ထားသည်။ ဒုတိယဓာတ်ပေါင်းဖိုသည် တစ်နှစ်အတွင်း လည်ပတ်မည်ဟု ဒါကာ အနောက်ဘက် ၉၃ မိုင် (ကီလိုမီတာ ၁၅၀)ဝေးသော Padma မြစ်၏မြစ်ကမ်းပေါ်ရှိ စက်ရုံတွင်သူက ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ဓာတ်အား ကဏ္ဍသည် ရုပ်ကြွင်းလောင်စာများ အထူးသဖြင့် သဘာ၀ဓာတ်ငွေ့၊ကျောက်မီးသွေး၊ရေနံတို့ကို အဓိကအသုံးပြု‌နေပြီးကျန်သောအပိုင်းတွင် ပြန်ပြည့်မြဲစွမ်းအင်များကို အသုံးပြုနေသည်။

ရုရှားအစိုးရပိုင် ရိုဆာတမ်ကော်ပိုရေးရှင်းနှင့်အတူ တည်ဆောက်သောစီမံကိန်းကြောင့် တစ်သီးတစ်ခြားဖြစ်နေသောရုရှားလူစုသည် ဘင်္ဂလားဒေ့ရှ်ကျေးလက်သို့ ရောက်လာသည်။
ရုရှားအလုပ်သမား ထောင်ဂဏန်းက နှစ်ချီနေထိုင်၍ အဆောက်အအုံများ ဆောက်သည်။
ပစ္စည်းကိရိယာများ တပ်ဆင်သည်။ သူတို့၏အနီး၀န်းကျင်တွင်လူနေအဆောက်အအုံများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ မှိုလို ပေါက်လာသည်။

ဘင်္ဂလား၊ အင်္ဂလိပ်၊ရုရှားဘာသာစကားတို့ဖြင့်ရေးထားသော ဈေးဆိုင် ဆိုင်းဘုတ်များ ပေါ်လာသည်။ ဒေသတွင်းဟင်းလျာများနှင့်အတူ ရုရှားတို့ စားသုံး‌သောဘော့ရှ်စွပ်ပြုပ်ရောင်းသောဆိုင်များ ပေါ်လာသည်။

ရုရှားနိုင်ငံသား တပ်ဆင်ရေးပညာရှင် အလက်ဇန်ဒါဗလာဒီမီရိုဗစ်ခ်ျသည် တူရကီနှင့် ဘင်္ဂလားဒေ့ရှ်ကို ရွေးသည့်အခါသူက ဘင်္ဂလားဒေ့ရှ်ကို ရွေးခဲ့သည်။ သူသည် ၂၀၂၄ ခုနှစ်တွင် မိသားစုနှင့်အတူ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာခဲ့သည်။

စီမံကိန်းက ဒေသတွင်းစီးပွားရေးကို ပြောင်းလဲစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အချို့က ရုရှားလို ပြောတတ်လာပြီး ရုရှားတို့က ဘင်္ဂလားလို ပြောတတ်နေပြီ။

မည်သို့ဆိုစေ ဤနျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံက လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်မည်လောဆိုသည်ကို ဘင်္ဂလားဒေ့ရှ်ပြည်သူများက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group