
မြောက်ဒဂုံမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊အမှတ်(၄၂)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ စိတ်တိုင်းကျ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆိုင်ရှိ ဒေါ်စန္ဒာဝင်း(၅၇)နှစ်မှာ အပြင်မှ ပြန်လည်ရောက်ရှိစဉ် အမျိုးသား တစ်ဦးမှဆိုင်ရှိ ငွေရှင်းကောင်တာအံဆွဲအား ဖွင့်နေသည်ကိုတွေ့ရှိသဖြင့်မေးမြန်းရာ အဆိုပါအမျိုးသားမှ ၎င်းအားလက်သီးဖြင့်ထိုးကြိတ်ခဲ့သဖြင့် ဝဲပါးဖူးရောင်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် နေအိမ် မီးဖိုခန်းအတွင်းရှိ ခင်ပွန်းဖြစ်သူ ဦးကျော်ကျော်လွင်အား အခြားအမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးခုတ်ပြီး အဆိုပါအမျိုးသားသုံးဦး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဓားဖြင့် ထိုးခုတ်မှုကြောင့် ဦးကျော်ကျော်လွင်တွင် လည်ပင်း၊ ဝဲ/ယာပါး၊ ဂုတ်ပိုး၊ နောက်ကျောနှင့် ယာလက်မောင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသစဉ် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ တရားခံ အမျိုးသားသုံးဦးအား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၉၅၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၅၂/၃၅၄/၃၂၃ ဖြင့် အမှုဖွင့်လှစ်ပြီး ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တရားခံ များဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် သက်သေခံ ဓားမတစ်ချောင်း၊ ဓားဦးချွန် ၅ ချောင်း၊ ကတ်ကြေးတစ်လက်၊ လေးခွတစ်လက်တို့အား အခင်းဖြစ်ပွားရာ “စိတ်တိုင်းကျ" အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အတွင်း၌ သိမ်းဆည်းရမိခဲ့သည်။
ယင်းနောက် တရားခံများဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းတွင် ပြစ်မှုကျူးလွန်သူ ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်၊ ပန်းခြံ(၉)၊ ငကျွဲလမ်းနေ တရားခံ အောင်ကိုဦး(ခ)လင်းလင်းရွှေ (၃၅)နှစ်အား ၎င်း၏နေအိမ်၌ လည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ (ဏ/၁၄)ရပ်ကွက်၊ သုခမိန် လမ်းနေ ဇော်မျိုးနိုင်(ခ)အရှည်ကြီး (၃၉)နှစ်နှင့် ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊ ဖိုးရာဇာ လမ်းနေ ကျော်ကိုကို(ခ)ကံဦး (၂၆)နှစ်တို့အား ၎င်းတို့၏ နေအိမ်များ၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကာ သေဆုံးသူ ဦးကျော်ကျော်လွင်၏လက်မှဖြုတ်ယူရရှိခဲ့သည့် အလေးချိန် ၈ ပဲသားရှိသက်သေခံ ရွှေလက်စွပ်(၁)ကွင်းအား ရွှေပြည်သာမြို့နယ်၊ လှော်ကားဈေးအတွင်းရှိ နဝလီရွှေဆိုင်မှ ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ သုံးဦးကို စစ်ဆေးရာ အဆိုပါဈေးဆိုင်၌ အသက်ကြီးရင့်သူ နှစ်ဦးသာရှိသည်ကိုသိရှိပြီး ငွေကြေးလိုအပ်ချက်အရ လုယက်ရန် တိုင်ပင်ပြီးနောက် ဝင်ရောက်လုယက်ခဲ့ကြောင်း၊ သေဆုံးသူ ဦးကျော်ကျော်လွင်မှ အော်ဟစ်အကူအညီတောင်းသဖြင့် ၎င်းတို့ယူဆောင်လာသည့် ကတ်ကြေး(တစ်ခြမ်းပဲ့)ဖြင့်ထိုးခြင်း၊ နေအိမ်မီးဖိုခန်းရှိ ဓားများဖြင့် ထိုးခုတ်ခြင်းများပြုလုပ်ပြီးရွှေလက်စွပ်(၁)ကွင်းနှင့် အံဆွဲအတွင်းမှ ငွေ ၇,၀၀ဝိ/- အား ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် “စိတ်တိုင်းကျ" အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အတွင်း ဝင်ရောက်၍ လုယက်လူသတ်မှုကျူးလွန်ခဲ့ကြသူ တရားခံ အောင်ကိုဦး(ခ)လင်းလင်းရွှေပါ သုံးဦးတို့အား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။