Eleven Media Group

ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများကို အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ်ဖြင့် ခွင့်ပြုပေးခြင်း မရှိ

ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများကို အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ်ဖြင့် ခွင့်ပြုပေးခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းမီဒီယာတစ်ခုက ရွှေနှင့်ရွှေပါဝင်သောပစ္စည်းများOnlineတွင်ရောင်းချခွင့်ပိတ်ပင်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

အွန်လိုင်းမှ ရွှေရောင်းချမှုနှင့်ပတ်သက်၍ ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရွှေ ၊ရွှေကြမ်း လက်ဝတ်ရတနာ၊ ရွှေ၊ ရွှေကြမ်းဖြင့် ပြုလုပ်သော အနုပညာ ပစ္စည်းများနှင့် အသုံးအဆောင်များရောင်းဝယ်ခြင်းလုပ်ငန်းကို အွန်လိုင်းရောင်းချမှု Online Sales မှတ်ပုံတင် လက်မှတ်အနေဖြင့် ခွင့်ပြုပေးခြင်း မရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။

သို့သော်လည်း လက်ဝတ်ရတနာပစ္စည်းများ၊ ကုန်ပစ္စည်းအုပ်စုဖြင့်လျှောက်ထားလာသည့် ကျောက်မျက် (သီးသန့်) ရောင်းချပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊ ကျောက်မျက်ရတနာ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ရောင်းဝယ်ရေးလိုင်စင်နှင့် ရွှေနှင့် ရွှေကြမ်းဖြင့်ပြုလုပ်သော ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း ရောင်းချသူ၏ ဝန်ခံကတိဖြင့် လျှောက်ထားပါက ကျောက်မျက်ရတနာပစ္စည်းများအတွက် Online Sales မှတ်ပုံတင်လက်မှတ်များအား ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းမှရောင်းချခြင်း လုပ်ငန်းများကို မှတ်ပုံတင်ခွင့်ပြုထုတ်ပေးခြင်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခွင့်ပြုခဲ့သည်။

မူရင်းသတင်း — Eleven Media Group