Myanmar National Post

ကက်သလစ်ဘုန်းတော်ကြီးဟောင်းက သက်ငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံရ


အောက်တိုဘာ - ၈ ( ကြာသပတေးနေ့ ) 

ဩစတြေးလျ ကက်သလစ် ဘုန်းတော်ကြီးဟောင်း အသက် ၇၆ နှစ်အရွယ် ခရစ္စတိုဖာ ဆောင်းဒါးစ် ဟာ တိုင်းရင်းသား လူငယ် နှစ်ဦးကို ၁၀ နှစ်ကျော်ကြာ လိင်ပိုင်းဆိုင်ရာ စော်ကားစွပ်စွဲမှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။ သူဟာ ဒေသအလိုက် ကက်သလစ် အသင်းတော်ကို လှုပ်ခတ်စေခဲ့တဲ့ အရှုပ်တော်ပုံတွေထဲမှာ ပြစ်ဒဏ်ကျခံရဖူးသမျှ ဩစတြေးလျ သာသနာပိုင် တာဝန်ရှိသူတွေထဲမှာ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ၂၀၀၈ ကနေ ၂၀၁၉ အတွင်း နစ်နာခဲ့တဲ့ တိုင်ကြားသူ နှစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက် ၁၉ ခုအနက် ၁၃ ခုမှာ ဆောင်းဒါးစ်မှာ အပြစ်ရှိကြောင်း တရားရုံးက သက်သေပြနိုင်ခဲ့တာပါ။

သက်ငယ်တွေနဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအားလုံး တရားရုံးမှာ ပယ်ဖျက်ခဲ့တာကြောင့် သူဟာ ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်ကနေ သီသီးကလေး လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၃ နှစ်အောက် ကလေးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၄ ခုကို တရားရင်ဆိုင်တဲ့ ပထမဆုံးရက်မှာတင် ရုပ်သိမ်းခဲ့သလို၊ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ပတ်သက်တဲ့ အခြားစွပ်စွဲချက် ၆ ခုမှာလည်း လွတ်မြောက်သွားခဲ့ပါတယ်။

ဒီပြစ်မှုတွေအားလုံးကို ဆောင်းဒါးစ်ဟာ ၁၉၉၆ ကနေ ၂၀၂၁ အထိ ဝေးလံခေါင်ဖျားတဲ့ ဘရူးမ် သာသနာပိုင်နယ်မြေကို ဦးဆောင်နေချိန်မှာ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁ မှာတော့ မလျော်ကန်တဲ့ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရတာပါ။ အဲဒီ သာသနာပိုင် နယ်မြေအကျယ်အဝန်းဟာ ပြင်သစ်နိုင်ငံထက်ပင် ကျယ်ဝန်းပေမဲ့ လူဦးရေအားဖြင့် ၅၀,၀၀၀ ခန့်ပဲ ရှိပြီး အများစုဟာ ဒေသခံ တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post