
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် အီလွန်မာ့စ်နှင့် အခြားထိပ်သီးနည်းပညာ လုပ်ငန်းရှင်များကို အမေရိကန်၏ အမြင့်ဆုံးသိပ္ပံဆိုင်ရာဆုတံဆိပ်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၈ တွင် ပြုလုပ်မည့် Science: A New Golden Age ထိပ်သီးအစည်းအဝေးတွင် Google ပူးတွဲတည်ထောင်သူ ဆာဂျီ ဘရင်၊ Nvidia စီအီးအို ဂျန်ဆန်ဟွမ်းနှင့် AMD အကြီးအကဲ လီဆာဆူ (Lisa Su)တို့ကိုလည်း နိုင်ငံတော် သိပ္ပံဆုတံဆိပ်ကို ထရန့်က ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့ပြင် ကွန်ပျူတာလုပ်ငန်းရှင် မိုက်ကယ်ဒဲလ်နှင့် Microsoft စီအီးအို ဆာတီရာ နာဒယ်လာတို့သည် အဆိုပါ နယ်ပယ်၏ ထိပ်သီးဆုတံဆိပ်ဖြစ်သည့် အမျိုးသားနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဆုတံဆိပ်ကို ရရှိကြမည်ဖြစ်သည်။
"ထရန့် အစိုးရအဖွဲ့အနေနဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍမှာ အခုလို အံ့ဩဖွယ်ရာခေါင်းဆောင်တွေရဲ့ ပါဝင်ကူညီမှုတွေကို ကျေးဇူးတင်ရှိပါတယ်။ ဆုရရှိသူတွေဟာ အမေရိကန်နိုင်ငံအနေနဲ့ တီထွင်ဆန်းသစ်မှုအပိုင်းမှာကမ္ဘာကို ဆက်လက် ဦးဆောင်နိုင်ရေးအတွက် ကူညီပေးနေကြသူတွေ ဖြစ်ပါတယ်"ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လစ်ဇ်ဟူစတန်က အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။
SpaceX နှင့် Tesla ကုမ္ပဏီများ၏ စီအီးအို အီလွန်မာ့စ်သည် ပြီးခဲ့သည့်နှစ်က ကုန်ကျစရိတ် လျှော့ချရေးဆိုင်ရာ အစိုးရအကျိုးတော်ဆောင် ဌာနကို ဦးဆောင်ခဲ့ချိန်က ထရန့် နှင့် အဆင်မပြေဖြစ်ခဲ့ကြသော်လည်း ယခုအခါ ထရန့်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာခဲ့သည်။
အီလွန် မာ့စ် သည် ထရန့်၏ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ငွေကြေးအများဆုံး လှူဒါန်းခဲ့သူလည်း ဖြစ်သည်။
ပြီးခဲ့သည့်လက အိမ်ဖြူတော်တွင် ထရန့်က တရုတ်သမ္မတ ရှီကျင်းပင်အား တည်ခင်းဧည့်ခံခဲ့သည့် နိုင်ငံတော်ညစာစားပွဲသို့ အီလွန်မာ့စ် နှင့် ဂျန်ဆန်ဟွမ်းတို့ နှစ်ဦးစလုံး တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ၎င်းတို့သည် အခြားနည်းပညာ ထိပ်သီးခေါင်းဆောင်များနှင့်အတူ ပြီးခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ကြပြီး၊ အဆိုပါဆွေးနွေးပွဲတွင် နည်းပညာ လုပ်ငန်းရှင်များက AI မှ ပေါ်ပေါက်လာနိုင်သည့် ခြိမ်းခြောက်မှုများကို စည်းမျဉ်းစည်းကမ်းများဖြင့် ကာကွယ်သွားမည်ဟု ကတိပြုခဲ့ကြသည်။
သမ္မတ ထရန့် ကမူ AI သည် လူသားမျိုးနွယ်ကို ပျက်စီးစေနိုင်သည်ဆိုသည့် သတိပေးချက်များကို ပယ်ချခဲ့ပြီး AI သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း အမေရိကန်စီးပွားရေး၏ ရွှေရောင် ခေတ်သစ်အတွက် အရေးပါကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
သို့သော် အီရန်စစ်ပွဲနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့အပေါ် မဲဆန္ဒရှင်များ၏ စိုးရိမ်ပူပန်မှုများကြောင့် လာမည့်လတွင် ကျင်းပမည့် သက်တမ်းဝက်ရွေးကောက်ပွဲ၌ ထရန့်၏ ရီပါဘလစ်ကန်ပါတီအနေဖြင့် လွှတ်တော်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
■ Ref: AFP