
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ယာဉ်မောင်းကိုဓားဖြင့် ထိုးသတ်ပြီး ကျပ်သိန်း ၈ဝဝ လုယက်ယူဆောင်သွားသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဖျာပုံမြို့နယ်နေ ဦးကျော်လင်းသည် ယာဉ်မောင်း ဦးဟံညွန့် (၆၉ နှစ်) နှင့်အတူ ပိုင်ဆိုင်သည့် MITSUBISHI XPANDER အဖြူရောင်ယာဉ်ဖြင့် မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံတန်းသို့ ဈေးဝယ်ရန်ရောက်ရှိလာကြောင်း သိရသည်။
ယင်းနောက် ဦးကျော်လင်းသည် ဘုရင့်နောင်ပွဲရုံတန်း၊ ရေတမာလမ်းရှိ ပွဲရုံရှေ့တွင် ဈေးဝယ်ရန်ကျန်နေခဲ့ပြီး ယာဉ်မောင်း ဦးဟံညွန့်အား ငုဝါလမ်းရှိ ဆိုင်ခန်းအမှတ် (စ/၈) ပွဲရုံသို့ ကားဖြင့် သွားရောက်စောင့်ဆိုင်းနေရန် စေလွှတ်ခဲ့ကြောင်း သိရသည်။
ဦးကျော်လင်းသည် ဈေးဝယ်ပြီးနောက် ယာဉ်မောင်းဦးဟံညွန့်ထံ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီး နံနက် ၁၁ နာရီ ၄ဝ မိနစ်ခန့်တွင် ထပ်မံဆက်သွယ်ရာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဖုန်းကိုင်ဆောင်ကာ အသက် ရဝ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှာ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ၆ ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ ကျောင်းလမ်းနှင့် စိန်ပန်းလမ်းထောင့်၌ MITSUBISHI XPANDER ယာဉ်ပေါ်တွင် လည်ပင်းထိုးသွင်းဒဏ်ရာခုနစ်ချက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ပြောကြားသဖြင့် သွားရောက်ကြည့်ရှု
ရာ သေဆုံးသူမှာ ယာဉ်မောင်းဦးဟံညွန့်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယာဉ်ပေါ်တွင် ပါရှိသည့် ကျပ်သိန်း ၈ဝဝ ထည့်ထားသော ခဲရောင်လက်ဆွဲအိတ်မှာလည်း ပျောက်ဆုံးနေသဖြင့် ဦးကျော်လင်းက သက်ဆိုင်ရာရဲစခန်းကို အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာက စုံစမ်းရာ ပြစ်မှုကျူးလွန်သူမှာ "--- " ပွဲရုံတွင် စာရေးဝန်ထမ်းလုပ်ကိုင်ခဲ့ဖူးသူ လျှမ်းထက်အောင် (၂၃ နှစ်) ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ချိတ်ဆက်ဆောင်ရွက်မှုကြောင့် အောက်တိုဘာ ၅ ရက် ည ၁ဝ နာရီခွဲခန့်တွင် ကျူးလွန်သူ လျှမ်းထက်အောင်အား ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာရှိ ၎င်း၏နေအိမ်၌ သက်သေခံ ကျပ် ၅၄၁ သိန်းကျော်၊ တန်ဖိုးကျပ်သိန်း ၁၄ဝ ခန့်ရှိ iPhone 18 Pro Max ဖုန်းတစ်လုံး၊ နားကြပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်သူ လျှမ်းထက်အောင်သည် လုယက်ယူဆောင်သွားသည့်ငွေများအနက် ကျပ် ၁ဝ၂ သိန်းကို သူငယ်ချင်း နှစ်ဦးထံ အကြွေးဆပ်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးအသွား ၁၅ လက်မခွဲခန့်ရှိ ထိပ်ဦးချွန် တစ်ဖက်သွား ဓားမြှောင်တစ်ချောင်းနှင့် သွေးပေနေသည့် အကျႌအဖြူရောင်တစ်ထည်တို့အား လှိုင်မြို့နယ်၊ ၁၅ ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေး ရေမြောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၁၁၈၆/၂ဝ၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၃၉၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူ လျှမ်းထက်အောင်အား တရားစွဲဆိုတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။