
အောက်တိုဘာ - ၈ ( ကြာသပတေးနေ့ )
အိုကီနာဝါမှာ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တစ်ဦးက ဂျပန်အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် တိုကျိုမှာ အများပြည်သူက မကျေမနပ် ဒေါသထွက်မှုတွေ မြင့်တက်လာခဲ့ပြီး ဆန္ဒပြသူတွေဟာ ဂျပန်မှာ အမေရိကန်စစ်တပ် ရှိနေတာကို ပိတ်သိမ်းပေးဖို့ အမေရိကန်သံရုံးရှေ့အထိ ချီတက်တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ စနေနေ့က ကျွန်းပေါ်ရှိ ဟိုတယ်တစ်ခုမှာ အသက် ၃၉ နှစ်အရွယ် အန်နာ ယာဂီ ကို လည်ပင်းညှစ်သတ်ပြီး ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ သံသယရှိရသူ အသက် ၂၀ အရွယ် ဒုတပ်ကြပ် ဒေဗင် ဂျေးကော့ ဘာလတ် ကို ဖမ်းဆီးအရေးယူခဲ့ပြီးနောက် ပေါ်ပေါက်လာတာပါ။ ဘာလတ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အိုကီနာဝါဟာ အမေရိကန်ရဲ့ ပင်မစစ်အခြေစိုက်စခန်းများ တည်ရှိရာနေရာဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ဝင် သောင်းနဲ့ချီ တပ်စွဲထားတဲ့နေရာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ ဆန္ဒပြသူတွေဟာ ယာဂီအတွက် တရားမျှတမှု ဖော်ထုတ်ပေးဖို့နဲ့ အမေရိကန်တပ်တွေ ဂျပန်ကနေ ထွက်သွားဖို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့တွေ အမြောက်အမြား ကာကွယ်ထားတဲ့ အမေရိကန်သံရုံး အပြင်ဘက်မှာ ချီတက်ဆန္ဒပြခဲ့ကြတာကို တွေ့ရပါတယ်။
"အမေရိကန်စစ်တပ်ကော၊ သံရုံးကပါ သေချာရေရေရာရာ တောင်းပန်တာမျိုး လုံးဝမရှိပါဘူး။ ဒီလိုကိစ္စမျိုးကို မကျေမနပ် ဒေါသထွက်ကြတာ သဘာဝပါပဲ" လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
နောက်ထပ် ဆန္ဒပြသူတစ်ယောက်ကလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး စိမ့်ဝင်နေတဲ့ မကျေနပ်ချက်တွေဟာ ဆယ်စုနှစ်နဲ့ချီပြီး စုပုံနေပြီဖြစ်ကြောင်းနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ရုပ်သိမ်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တာတွေကို အာဏာပိုင်တွေဘက်က လျစ်လျူရှုထားတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
"ဒီလို စစ်အခြေစိုက်စခန်းတွေ ရှိနေလို့ အမျိုးသမီးတွေ အခုလို သတ်ဖြတ်ခံရတာ၊ မုဒိမ်းကျင့်ခံရတာ မျိုးတွေအထိ ဖြစ်လာရတာ တကယ်ကို ဒေါသထွက်စရာပါ။ ဒါကို လုံးဝ ခွင့်မလွှတ်နိုင်ပါဘူး" လို့ အဲဒီဆန္ဒပြသူက ပြောကြားခဲ့ပါတယ်။
အိုကိနဝါမှာ အမေရိကန် စစ်အခြေစိုက်စခန်းတွေ စုပြုံတပ်စွဲထားမှုအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ အငြင်းပွားဖွယ်ရာတွေကို ပြန်လည်မီးမွှေးပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အိုကိနဝါခရိုင်ဟာ ဂျပန်နိုင်ငံ စုစုပေါင်း နယ်မြေဧရိယာရဲ့ ဝ.၆ ရာခိုင်နှုန်းလောက်ပဲ ရှိပေမဲ့ ဂျပန်မှာရှိတဲ့ အမေရိကန်တပ်တွေ သီးသန့် အသုံးပြုထားတဲ့ မြေနေရာရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး တပ်စွဲထားတာလည်း ဖြစ်ပါတယ်။
REF: RT
#News #Myanmar