
ရှမ်းပြည်နယ်အတွင်း သဘာဝသယံဇာတများ တရားဝင်၊ စနစ်တကျနှင့် ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေး၊ တရားမဝင်ထုတ်ယူမှုများ ထိန်းချုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို ရှမ်းပြည်နယ် လွှတ်တော် အတည်ပြုကြောင်း သိရသည်။
တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့ တွင် အဆို ကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦး က ထောက်ခံဆွေးနွေးကာ ၊ ပြည်နယ် အဆင့် အဖွဲ့အစည်းဝင် က သဘောတူသဖြင့် လွှတ်တော် မှ အတည်ပြုကြောင်း ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ က ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုကို မိုးမိတ်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးစိုင်းခမ်းကျော် က လွှတ်တော်အစည်းအဝေး ဒုတိယနေ့ အင်္ဂါနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်ကာ၊ တတိယနေ့ ဗုဒ္ဓဟူးနေ့ တွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်သည် သစ်တော၊ ရေဝေရေလဲဒေသများနှင့် ရွှေ၊ ရတနာ၊ သတ္တုနှင့် အခြားသဘာဝသယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ ထိုအရင်းအမြစ်များသည် ယနေ့စီးပွားရေးအတွက် အသုံးချနိုင်သည့် အရင်းအမြစ်များသာမက ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်း၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်များအတွက် အရေးပါသကဲ့သို့ နောင်မျိုးဆက်များအတွက်လည်း အရေးကြီးသော အမျိုးသားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိမြေပြင်အခြေအနေများတွင် သစ်တောများကို စည်းကမ်းမဲ့ထုတ်ယူခြင်းနှင့် သယံဇာတများကို တရားမဝင် သို့မဟုတ် ခွင့်ပြုချက်နှင့် မကိုက်ညီဘဲ ထုတ်ယူခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရှိရပါကြောင်း အဆိုတင်သွင်းသော လွှတ်တော်ကိုယ်စားလှယ် က ဆိုသည်။
ထိုသို့ တရားမဝင်ထုတ်ယူမှုများ ဖြစ်ပေါ်ပါက နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သော အခွန်အခနှင့် ဝင်ငွေများ ဆုံးရှုံးနိုင်သကဲ့သို့ သယံဇာတများကိုလည်း စနစ်တကျ မစီမံနိုင်တော့သည့် အခြေအနေ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အပြင် သစ်တောများနှင့် ရေဝေရေလဲဒေသများ ပျက်စီးလာခြင်း၊ မြေယာအသုံးချမှု စနစ်မကျခြင်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် မြေယာနှင့် ရေအရင်းအမြစ် ထိခိုက်ခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း ထိခိုက်ခြင်း စသည့် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါကြောင်း ဆိုသည်။
တောင်တန်းဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသများကို ထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်လည်း ဆက်စပ်နေသောကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ထုတ်လုပ်မှုနှင့် ဝင်ငွေရှုထောင့်တစ်ခုတည်းဖြင့် မကြည့်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်အန္တရာယ်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ဆိုသည်။
ထို့အပြင် သက်ဆိုင်ရာလွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများက သတ္တုတူးဖော်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း၊ လိုင်စင်နှင့် ခွင့်ပြုချက်များ၊ သတ်မှတ်လုပ်ကွက်အတွင်း လုပ်ကိုင်မှု၊ ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ဆိုသည်။
ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်နေခြင်းကို ဆက်လက်အားကောင်းစေရန်နှင့် စစ်ဆေးပြီးနောက် တွေ့ရှိချက်များအပေါ် ပြန်လည်စောင့်ကြည့်ခြင်း၊ လိုက်နာမှုစစ်ဆေးခြင်းနှင့် လိုအပ်ပါက ဥပဒေနှင့်အညီ အရေးယူခြင်းတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် အကြံပြုသော အစိုးရဘက်မှ ဆောင်ရွက်စေလိုသည့်အချက်များမှာ
၁။ ပြည်နယ်အတွင်း သစ်တောနှင့် သယံဇာတထုတ်ယူသည့် ဒေသများကို စနစ်တကျ စာရင်းပြုစု၍ ပုံမှန်စောင့်ကြည့်စစ်ဆေးနိုင်သော စနစ် ခိုင်မာစေရန်။
၂။ လုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုချက်များ၊ သတ်မှတ်လုပ်ကွက်၊ ထုတ်လုပ်မှုပမာဏနှင့် လုပ်ငန်းဆောင်ရွက်မှုများသည် ခွင့်ပြုချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ပုံမှန်စစ်ဆေးရန်။
၃။ ကွင်းဆင်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို မှတ်တမ်းတင်ရုံသာမက သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ပြီးစီးမှုကို ပြန်လည်စစ်ဆေးသည့် follow-up စနစ် ထားရှိရန်။
၄။ တရားမဝင်သစ်နှင့် သယံဇာတများ ထုတ်ယူ၊ သယ်ယူ၊ ရောင်းချမှုများကို တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းစောင့်ကြည့်ထိန်းချုပ်မှု ပိုမိုခိုင်မာစေရန်။
၅။ သတ္တုနှင့် သယံဇာတထုတ်ယူမှုများကြောင့် ပျက်စီးသွားသော မြေယာ၊ ရေဝေရေလဲဒေသနှင့် သဘာဝပတ်ဝန်းကျင်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၏ တာဝန်ယူမှုအရ ပြန်လည်ထူထောင်ရေးအစီအစဉ်များ ဆောင်ရွက်ရန်။
၆။ သစ်တော၊ ရေဝေရေလဲ၊ မြေယာနှင့် သယံဇာတထုတ်ယူမှုများကို စီမံခန့်ခွဲရာတွင် မြေပြို၊ ရေကြီးရေလျှံနှင့် အခြားသဘာဝဘေးအန္တရာယ် လျှော့ချရေးအမြင် ကိုပါ ထည့်သွင်းဆောင်ရွက်ရန်။
၇။ သယံဇာတထုတ်ယူမှုမှ နိုင်ငံတော်ရသင့်ရထိုက်သော အခွန်အခနှင့် ဝင်ငွေများ မဆုံးရှုံးစေရေးအတွက် တရားဝင်လုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများကို ထိရောက်စွာ ခွဲခြားစစ်ဆေး၍ လိုအပ်သလို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် တို့ ဖြစ်ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဒေါ်ခိုင်သန္တာထွေး တင်သွင်းခဲ့သော ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများ အန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီး ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူး စီမံချက်များ ပိုမို တိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆို တစ်ခုလည်း ရှမ်းပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သေးသည်။