Eleven Media Group

■ နယ်မြေမတည်ငြိမ်သည့် ဒေသများတွင်သယံဇာတပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ခိုးယူသုံးစွဲခြင်းများပြုလုပ်၍ ပြည်ပနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့နေကြသဖြင့် နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်လျက်ရှိ​ကြောင်း နိုင်ငံ​တော်သမ္မတ​ပြောကြား

■ နိုင်ငံရေးအရမတည်ငြိမ်မှုများဖြစ်ပေါ်ပြီး စီးပွားရေး ပိတ်ဆို့မှုများနှင့် ဘဏ္ဍာရေးအကူအညီများမရခြင်း၊ ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်အပြည့်အဝမရခြင်း၊ ကုန်သွယ်မှုများကျဆင်းခြင်းတို့ကြောင့် ကုန်ထုတ်လုပ်ငန်းများ စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိဟုဆို

နယ်မြေမတည်ငြိမ်သည့် ဒေသများတွင်သယံဇာတပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ခိုးယူသုံးစွဲခြင်းများပြုလုပ်၍ ပြည်ပနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့နေကြသဖြင့် နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်လျက်ရှိ​ကြောင်း နိုင်ငံ​တော်သမ္မတ​ ဦးမင်း​အောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့(​အောက်တိုဘာ ၅ ရက်)မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားရာတွင် ထိုသို့ထည့်သွင်း​ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက ဖွံ့ဖြိုးဆဲမိမိတို့ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအရ အားကောင်းလာစေရေး ဆောင်ရွက်သွားရန်မှာ အဓိကအရေးကြီးကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မလွဲမသွေ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ မကြာမီရက်ပိုင်းအတွင်း ​ခြောက်လပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထုမှ အစိုးရအပေါ် ယုံကြည်အားကိုးပြီး အဘက်ဘက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်၍ နိုင်ငံ၏ GDP မှာ ၃ ရာခိုင်နှုန်းခန့်တိုးတက်လာသည်ဟု အချက်အလက်များအရသိရှိရပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအားနည်းပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင်ကုန်ထုတ်လုပ်ငန်းများတွင် စွမ်းအားပြည့် အလုပ်မလုပ်ကြခြင်းများကြောင့်လည်း စီးပွားရေးအရ အားနည်းခြင်းများကို တွေ့ရကြောင်း၊ ထိုသို့ နိုင်ငံရေးအရမတည်ငြိမ်မှုများ ဖြစ်ပေါ်ပြီး စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် ဘဏ္ဍာရေးအရအကူအညီများ မရရှိခြင်း၊ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်အပြည့်အဝမရရှိခြင်း၊ ကုန်သွယ်မှုများကျဆင်းခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံရေးအရ မတည်ငြိမ်မှုများနှင့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် လုံခြုံရေးထိခိုက်လာကာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းလာစေခြင်းဖြစ်ကြောင်း ​ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်လက်နက်ကိုင်များ၏လုပ်ရပ်များကြောင့် လမ်းတံတားများနှင့် အခြားအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် နိုင်ငံတော်မှဘဏ္ဍာငွေများ၊ လူ့စွမ်းအားနှင့်အချိန်များကို ထပ်မံအသုံးပြုရခြင်းကြောင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ အခြေအနေသည် “သမင်မွေးရင်းကျားစားရင်း” ဖြစ်နေသကဲ့သို့ တည်ဆောက်ခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စသည်ဖြင့် လည်ပတ်နေရသဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် များစွာထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အကန့်အသတ်များဖြစ်ပေါ်လျက်ရှိ ကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ထို့အတူ နိုင်ငံမတည်ငြိမ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေခဲ့သည်ကို တွေ့ရကြောင်း၊ ထိုသို့သောအခြေအနေတွင် မိမိတို့အနေဖြင့် မိမိတို့ကြိုးစားလုပ်ကိုင်နိုင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုမူ ဆောင်ရွက်၍ရနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်ရရှိရေးနှင့် အထွက်နှုန်းများ တိုးမြှင့်ရရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းကုန်ထုတ်လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင် ရေးအတွက် လုပ်သားအရင်းအမြစ်များ ရှိရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်အလုပ်လုပ်ကိုင် နေကြမှုများလည်းရှိပြီး ပြည်တွင်း၌ လုပ်သားအင်အား ဆုံးရှုံးမှုများလည်းရှိကြောင်း၊ ထို့ပြင်မိမိတို့နိုင်ငံ၌ ပညာတတ်လူသားအရင်းအမြစ်များအားနည်းပြီး အများစုမှာ ကိုယ်ကာယပိုင်းကို အားပြု၍ လုပ်ကိုင်ရသည့် လုပ်ငန်းများတွင်သာ လုပ်ကိုင်ကြရကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ယင်းအပြင် နယ်မြေမတည်ငြိမ်မှုဖြစ်ပေါ်လျက်ရှိသည့် ဒေသများတွင်မြေပေါ် မြေအောက် သယံဇာတပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ခိုးယူသုံးစွဲခြင်းများပြုလုပ်၍ ပြည်ပနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့နေ ကြသဖြင့် နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့တစ်ဦး ချင်း၏ ကိုယ်ကျိုးအတွက် တရားမဝင်သည့် နည်းလမ်းများဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေများရှာဖွေရရှိနေကြခြင်းကြောင့် တရားဝင်ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်မှုများအားနည်းပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါ ဒေသများတွင် ဆက်လက်တည်မြဲနေခြင်းဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်လျက်ရှိနေခြင်းဖြစ်ကြောင်း ​နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် ပညာရည်မြှင့်တင်မှုလုပ်ငန်းများကို အစဉ်တစိုက်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကလည်း မိမိတို့ နိုင်ငံအနေဖြင့် ပညာရေးအရအားနည်းချက်များစွာ ရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးကို ကွဲပြားစွာသိမြင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ကွဲပြားစွာသိမြင်နိုင်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်နေမှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီး နေခြင်းပင်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတကဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို ဦးစားပေးဆောင်ရွက်သွားကြရန်လိုသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် စားသုံးမှုဖူလုံမှုရှိစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ် စေခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေးအတွက်အားလုံးက အလေးထား ဆောင်ရွက်သွားစေလိုကြောင်း နိုင်ငံ​တော်သမ္မတက ထည့်သွင်း​ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group