
မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်ဖြစ်သည်။
မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး နှင့်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
မလေးရှားက စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို မြန်မာအစိုးရက စေလွှတ်လိုက်သော တပ်မတော်စစ်ရေယာဥ်ဖြင့် ပြန်ပို့ပေးခဲ့ပြီး အဆိုပါမြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အောက်တိုဘာ ၄ ရက်တွင် ရောက်ရှိခဲ့ပြီးဖြစ်သည်။
မလေးရှားက ဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ်၏ဒုတိယအဆင့်အဖြစ် နောက် ထပ်လူ ၃,၅၂၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ ရန်စီစဉ်ထားသည်ဟု စက်တင်ဘာ ၃၀ ရက် တွင် ဖာမီပြောခဲ့သောစကားကို Bernama က ကိုးကားဖော်ပြခဲ့သည်။
မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်က မြန်မာဒုက္ခသည်များ ၎င်းတို့၏နိုင်ငံသို့ပြန်ရေးကို အထောက်အကူပေးရေးအတွက် မြန်မာနိုင်ငံနှင့် ဆွေးနွေးမှုများကို မကြာမီလုပ်ဆောင်မည်ဟု ဖာမီက ဖြည့်စွက်ပြောကြားခဲ့သည်။
မလေးရှားသည် ဒုက္ခသည်များ၏ဘေးကင်းရေးကို အလေးမထားဘဲ ယင်းဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့နေသည်ဟူသော စွပ်စွဲပြောကြားချက်များအား အန်ဝါကပယ်ချခဲ့သည်။ ကာလရှည်ဖြစ်ပွားနေသော ပြဿ နာများကို ဖြေရှင်းရေးအတွက် စဉ်ဆက်မပြတ် စေ့စပ်ဆွေးနွေးမှုလိုအပ်သည်ဟု စက်တင်ဘာ ၂၉ ရက်တွင် အန်ဝါက ပြောကြားခဲ့သည်။