
ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၁၂ ဆူ အပေါ်တွင် ပေါက်ရောက်နေသည့် အပင်များအား ဆေးထိုးဖယ်ရှားပြီး ပြုပြင်ထိန်းသိမ်းမှုများအား ၂၀၂၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှစတင်လုပ်ဆောင်နေကြောင်း သိရသည်။
အပင်များ ဆေးထိုးဖယ်ရှားပြီးနောက် ပျက်စီးနေသည့် အုပ်ချပ်များမှ ရေယိုစိမ့်မှု မရှိစေရန် အုပ်ကြားသိပ်ခြင်း နှင့် အင်္ဂတေထိုးသွင်းခြင်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လုပ်ငန်းဆောင်ရွက်နေသည့် Future Bangan အဖွဲ့ထံမှ သိရသည်။
“ အပင်ပေါက်ရောက်မှုများတဲ့ ဘုရားစေတီတွေကို အဓိကထား ထိန်းသိမ်းတာပါ။ အပင်တွေက ဆွဲနှုတ်ရင် အမြစ်ကျန်ပြီး ပြန်ပေါက်ပါတယ်။ ဒါကြောင့် အမြစ်ထိသေအောင် ဆေးထိုးဖယ်ရှားမှ ပြန်မပေါက်နိုင်တာပါ။ ခုအောက်တိုဘာလ ၅ ရက်နေ့က စလုပ်ပါတယ်။ ကိုယ့်ဒေသက ယဉ်ကျေးမှုတွေ ရည်ရှည်တည်တံ့ရေးအတွက် စုဖွဲ့ပြီး လုပ်ကြတာပါ ” ဟု Future Bagan မှ ကိုနိုင် ကပြောသည်။
အပင်များအား ဆေးထိုးဖယ်ရှားနေသည့်ဘုရားစေတီ ၁၂မှာ အလောင်းစည်သူမင်းကောင်းမှု ရွှေဂူကြီးဘုရား အပါအအဝင် မြင်းပြဂူ ၊ မြရွှေဂူ နှင့် ဘုရားအမှတ် ၂၆၃ ၊ ၃၃၃ ၊ ၁၉၉၁ ၊၁၉၉၂ ၊ ၁၉၉၃ ၊ ၁၉၉၄ ၊ ၁၉၉၅၊ ၁၉၉၆ နှင့် ၁၉၉၉ တို့ဖြစ်ကြောင်း သိရသည်။
Future Bagan အဖွဲ့မှ ယခုနှစ် ဇွန်လ နှင့် သြဂုတ်လတို့ကလည်း ဘုရားစေတီ အဆူ ၂ဝခန့် အပေါ်ရှိ အပင်များအား ဆေးထိုးဖယ်ရှားခြင်း ၊ အုပ်ကြားသိပ်ခြင်း နှင့် အင်္ဂတေထိုးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နံရံဆေးရေးပန်းချီများရှိသော ဘုရားများတွင် လင်းနို့ ၊ ခါငှက်များ မဝင်ရောက်စေရန် ဝင်ပေါက်တံခါးတွင် သံဇကာတပ်ဆင်ခြင်းနှင့် အလင်းဝင်ပေါက်များတွင် ယင်းလိပ်တပ်ဆင်ခြင်းကိုလည်း Future Bagan အဖွဲ့လုပ်ဆောင်နေကြောင်း သိရသည်။